အခန်းတံခါး၏ ဘေးနှစ်ဖက်တွင် ခါးတစ်ဝက်ခန့်ရှိသော ကြွေအိုးများဖြင့် စနစ်တကျ စိုက်ပျိုးခြင်းခံထားရသည့် အပင်မှာ စိမ်းစိမ်းစိုစိုရှိလှပြီး အရွက်များကလည်း ပန်းအိုးအပြင်ဘက်သို့ ငွားငွားစင့်စင့်ကြီးကို ဖြာထွက်နေ၏။
ထိုအပင်၏ ပုံပန်းသဏ္ဌာန်မှာ တခြားအပင်များနှင့် မတူဘဲ အနည်းငယ် ကွဲထွက်နေသလိုပင်။ ခန့်မှန်းအားဖြင့် တစ်တောင်ခန့်ရှိသော အစိမ်းဖန့်ဖန့်အရွက်ပေါ်တွင် အဖြူရောင်အစက်အပြောက်များစွာ ပါရှိနေခြင်းမှာ မသိလျှင် တမင်တကာပုံဖော်ထားသည့်အလား။
"ဒါက ဘာအရွက်တွေလဲအန်တီ၊ လေသန့်ပင်လား"
အမေးစကားနှင့်အတူ ဘေးသိို့ ကားထွက်နေသော အရွက်တွေထဲမှ တစ်ရွက်ကို လက်သည်းဖြင့် ဆိတ်ကြည့်ပြီး ဆတ်ခနဲခူးချလိုက်၏။ ထိုအရာကို အန်တီကမြင်တော့ သူ့အား ဆူဟန်ပြသည်။
"ဘုန်းလျှံတစ်ယောက်ကတော့လေ အပင်မြင်တိုင်း ဟိုဖဲ့ ဒီဖဲ့နဲ့ တစ်ချက်လေးမှ အငြိမ်မနေဘူး"
"ယောင်သွားလို့ပါဗျာ.."
အန်တီ့အပြောကြောင့် သျှိုင်းဘုန်းလျှံက ဖင်ကုပ်ခေါင်းကုပ်ဖြင့် ရှက်ရယ်ရယ်မိ၏။
"သွား သွား..မျက်လုံးတွေဘာတွေ မပွတ်မိခင် လက်ကိုအရင်ဆေး.."
အသက်အရွယ်ရလာသည့် အန်တီက တစ်ခုခုဖြစ်လျှင် လိုတာထက်ပိုပြီး စိုးရိမ်ပူပန်တတ်လာ၏။ အန်တီ့နည်းတူ မမခက်ကလည်း လွန်လွန်ကဲကဲ စိတ်ပူတတ်သူဖြစ်ပြီး ဤအရာတွေဟာ အမေဖြစ်သူထံမှ အမွေရခဲ့ခြင်းသာ ဖြစ်လောက်မည်။
"သူ့အစေးတွေက လူကြီးလူငယ်မရွေး အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ပြင်းတယ်တဲ့၊ အရေပြားပါးတဲ့လူဆို ပိုတောင်ဂရုစိုက်ရဦးမယ်.."
အန်တီက စကားတပြောပြောနှင့် သျှိုင်းဘုန်းလျှံ၏ အခန်းတံခါးကို ဆွဲဖွင့်ကာ အထဲသို့ ဦးအောင်ဝင်သွားခြင်းကြောင့် သူလည်း အန်တီ့နောက်မှနေ၍ လိုက်ဝင်ပြီး လက်ထဲတွင် ရှိဆဲဖြစ်သော ထက်ပိုင်းပြတ်နေသည့် အရွက်ကိုမူ အမှိုက်ပုံးထဲသို့ စွန့်ပစ်လိုက်၏။ ထို့နောက် ရေချိုးခန်းအတွင်းသို့ ဆက်ဝင်ကာ လက်ကို ဆေးကြောလိုက်သည်။
YOU ARE READING
မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်း
Romance"ကျွန်တော်ကြားဖူးတဲ့ စကားတစ်ခွန်းရှိတယ်၊ မုဆိုးက သူ့ပိုက်ကွန်မှာ မိတဲ့သားကောင်ကို ဘယ်သောအခါမှ ပြန်လွှတ်ပေးရိုးထုံးစံမရှိဘူးတဲ့"