Zawgyi
"ဒီလိုဆိုတော့ကျွန်တော်တွေးတာမှားသွားပြီပေါ့နော်"
သူ့အနားကိုအပြေးတစ်ပိုင်းလျှောက်သွားရင်း ရှောင်းကျန့်ကဆိုတော့ အထက်တန်းစားအဲ့ဒီလူက ဘာအဓိပ္ပါယ်လဲဆိုတဲ့အကြည့်မျိုးနဲ့ ရှောင်းကျန့်ကိုမျက်ခုံးဝင့်ကြည့်တယ်။
"သြော် … သခင်လေးမှာတော့ ကျွန်တော်ကူညီရမယ့်ကိစ္စမျိုးရှိလာမှာမဟုတ်ဘူးလို့တွေးခဲ့တဲ့အတွေး မှားသွားပြီလို့ပြောချင်တာပါ"
"လက်စသတ်တော့ ခင်ဗျားက ကိုယ့်ကိုကိုယ်ဂုဏ်ဖော်တတ်တဲ့လူမျိုးပဲ"
"မဟုတ်ပါဘူး … မဟုတ်ပါဘူး၊ ကျွန်တော်က … ဟေး စောင့်ဦးလေ၊ ဟေး … "
ဖြေရှင်းခန်းထုတ်ဖို့ ရှောင်းကျန့်စကားစ,တုန်းရှိသေး သူကတော့နားထဲကိုလက်ညှိုးနဲ့ကလော်ကာ ရှောင်းကျန့်ရဲ့အသံစာစာလေးကိုငြိုငြင်ဟန်ပြီး ဟော်တယ်အဝင်လမ်းကို ရှူးဖိနပ်သံတဂွက်ဂွက်နဲ့လျှောက်သွားနှင့်တယ်။
"နေရာတကာသူ့စိတ်ချည်းပဲ … အရူး"
"ဘာ"
ခပ်မာမာအသံနဲ့ ဆတ်ခနဲလှည့်ကြည့်လာတဲ့လူကြောင့် ရှောင်းကျန့်ကိုယ်လေးမတ်ခနဲဖြစ်သွားတယ်။ ဒါပေမယ့်ကြောက်လန့်ဟန်တော့မပြဘူး၊ မကျေနပ်တဲ့ဟန်နဲ့ နှုတ်ကနေတောင် ပွစိပွစိရွတ်နေလိုက်သေး။
"ဒီအသံတိုးတိုးလေးကြကြားတယ် စောင့်ဦးလို့အာပြဲကြီးနဲ့အော်နေတာကြမကြားဘူး"
ရှောင်းကျန့် သူ့နောက်လိုက်မသွားဘဲ နေရာမှာတင်ပေရပ်နေခဲ့လို့လားမသိ၊
သူက ဘောင်းဘီအိတ်ထဲကိုလက်နှစ်ဖက်ထည့်ပြီး တည့်မတ်တဲ့ခြေလှမ်းတွေနဲ့ ရှောင်းကျန့်ဆီကိုပြန်လှည့်လာတယ်။"ကျွန်တော့်ကိုကျိန်ဆဲနေတာရပ်ပြီး ကိုယ့်ကိုကိုယ့်ပြန်ငုံ့ကြည့်ဦး"
တစ်ခုခုများပေကျံနေလို့လားဆိုတဲ့အထင်နဲ့ ကမန်းကတန်းငုံ့ကြည့်မိတော့လည်း ရှောင်းကျန့်ခန္ဓာကိုယ်နဲ့အဝတ်အစားတွေမှာဘာပေကျံမှုမှရှိမနေ။
"ဘာဖြစ်နေလို့လဲ"
သူကပြန်မဖြေ၊ စိတ်မရှည်တော့တဲ့ပုံနဲ့ ရှောင်းကျန့်ရှေ့ကိုတစ်လှမ်းတိုးလာတာကြောင့် အယောင်ယောင်အမှားမှားနဲ့ ရှောင်းကျန့်နောက်ဆုတ်မိလိုက်တယ်။