Unicode

3.1K 221 6
                                    

" တို့ကျောင်းကို ဆရာမ အသစ် တစ်ယောက် ရောက်လာတယ်တဲ့"

ထိုသတင်းသည် အမှတ် (၁) အထက်တန်းကျောင်းတော်ကြီး တစ်ခုလုံးကို ရိုက်ခတ်သွားစေသည်။

အထက်တန်းကျောင်း ဆိုသော်ငြား နယ်မြို့ကလေး အဆင့်သာ ရှိသော မထင်မရှား ဒေသလေး အတွင်းမှာ ဖြစ်သည်မို့ အပ် ကျ တာက အစ သတင်းယူချင်ကြသူတွေ မဟုတ်ပါလား ။

" ဆရာမ က အရမ်း ချောတာပဲတဲ့"

" အမယ်..... တို့ အတန်းပိုင် လောက် ချောဦးမလား"

စ ပါပြီ။ လူကိုဖြင့် မမြင်ရသေး။ ကျောင်းသူကျောင်းသားများ ကြားက ဂုဏ်ပြိုင်ခြင်းတွေက စ ပြီ။

" မျက်နှာကလည်း အရမ်း တည် တာတဲ့။ ပြုံးတာတောင် မမြင်ဖူးသေးဘူးဆိုလား"

ကျောင်း အကျိုးတော်ဆောင် ဦးမြသာ ၏ သမီးဖြစ်သူ ငါးတန်း‌ ကျောင်းသူ မြမဉ္ဇူ က သူ့အဖေ ကနေ တစ်ဆင့် ရလာသော သတင်းများကို ဖောက်သည် ချနေသည်။

အခြားသော ဘာမှ မသိရသည့် ကျောင်းသူများက ပါးစပ်အဟောင်းသားဖြင့် ဝိုင်းဖွဲ့ နားထောင်လျက်။

" ဒေါင်.......ဒေါင်.......ဒေါင်........"

" ကျောင်းတက်ခေါင်းလောင်း ထိုးပြီ။ အတန်းထဲ ဝင်ကြမယ်"

ဆူညံနေသော အသံများက မီးကို ရေနှင့် ငြိမ်းလိုက်သလို တိတ်ဆိတ်ငြိမ်သက် သွားရသည်။

ဆော်သြလိုက်‌သော အတန်းခေါင်းဆောင်၏ အသံကြောင့်တော့ မဟုတ်။

‌ငါးတန်း အခန်းဆီ လျှောက်လာသော ကျောင်းအုပ်ဆရာမကြီးနှင့် အနောက်မှ ကပ်ပါလာသော မျက်နှာစိမ်း ဆရာမ အသစ်ကြောင့်။

"မင်္ဂလာပါ ဆရာမကြီး"

" မင်္ဂလာပါကွယ်။ ထိုင်ပါ ထိုင်ပါ။ မင်းတို့ A ခန်းအတန်းပိုင် ဒီနေ့ ပထမတစ်ချိန် နောက်ကျမှာမို့ ဆရာမ အသစ်က အစားထိုးသင်ပေးလိမ့်မယ်။ အားလုံး သိပြီးသား ဖြစ်ကြမှာပါ။ ဒေါ်  "မြတ်သီရိ" တဲ့။ နှုတ်ဆက်လိုက်ကြပါဦး"

" မင်္ဂလာပါ ဆရာမ"

" ကဲ..... ဒါဆိုရင် ဆရာမ က ပထမတစ်ချိန် ဒီအတန်း ပြီးတာနဲ့ ရုံးခန်းကို ပြန်လာခဲ့။ ဆရာမကြီး က အချိန်ဇယား ပြန်စီပေးမယ်။ ဟုတ်ပြီလား"

ချစ်ခြင်းတစ်ခု အစ ပြုရာ (One Shot)Where stories live. Discover now