" တို့ကျောင်းကို ဆရာမ အသစ် တစ်ယောက် ရောက်လာတယ်တဲ့"
ထိုသတင်းသည် အမှတ် (၁) အထက်တန်းကျောင်းတော်ကြီး တစ်ခုလုံးကို ရိုက်ခတ်သွားစေသည်။
အထက်တန်းကျောင်း ဆိုသော်ငြား နယ်မြို့ကလေး အဆင့်သာ ရှိသော မထင်မရှား ဒေသလေး အတွင်းမှာ ဖြစ်သည်မို့ အပ် ကျ တာက အစ သတင်းယူချင်ကြသူတွေ မဟုတ်ပါလား ။
" ဆရာမ က အရမ်း ချောတာပဲတဲ့"
" အမယ်..... တို့ အတန်းပိုင် လောက် ချောဦးမလား"
စ ပါပြီ။ လူကိုဖြင့် မမြင်ရသေး။ ကျောင်းသူကျောင်းသားများ ကြားက ဂုဏ်ပြိုင်ခြင်းတွေက စ ပြီ။
" မျက်နှာကလည်း အရမ်း တည် တာတဲ့။ ပြုံးတာတောင် မမြင်ဖူးသေးဘူးဆိုလား"
ကျောင်း အကျိုးတော်ဆောင် ဦးမြသာ ၏ သမီးဖြစ်သူ ငါးတန်း ကျောင်းသူ မြမဉ္ဇူ က သူ့အဖေ ကနေ တစ်ဆင့် ရလာသော သတင်းများကို ဖောက်သည် ချနေသည်။
အခြားသော ဘာမှ မသိရသည့် ကျောင်းသူများက ပါးစပ်အဟောင်းသားဖြင့် ဝိုင်းဖွဲ့ နားထောင်လျက်။
" ဒေါင်.......ဒေါင်.......ဒေါင်........"
" ကျောင်းတက်ခေါင်းလောင်း ထိုးပြီ။ အတန်းထဲ ဝင်ကြမယ်"
ဆူညံနေသော အသံများက မီးကို ရေနှင့် ငြိမ်းလိုက်သလို တိတ်ဆိတ်ငြိမ်သက် သွားရသည်။
ဆော်သြလိုက်သော အတန်းခေါင်းဆောင်၏ အသံကြောင့်တော့ မဟုတ်။
ငါးတန်း အခန်းဆီ လျှောက်လာသော ကျောင်းအုပ်ဆရာမကြီးနှင့် အနောက်မှ ကပ်ပါလာသော မျက်နှာစိမ်း ဆရာမ အသစ်ကြောင့်။
"မင်္ဂလာပါ ဆရာမကြီး"
" မင်္ဂလာပါကွယ်။ ထိုင်ပါ ထိုင်ပါ။ မင်းတို့ A ခန်းအတန်းပိုင် ဒီနေ့ ပထမတစ်ချိန် နောက်ကျမှာမို့ ဆရာမ အသစ်က အစားထိုးသင်ပေးလိမ့်မယ်။ အားလုံး သိပြီးသား ဖြစ်ကြမှာပါ။ ဒေါ် "မြတ်သီရိ" တဲ့။ နှုတ်ဆက်လိုက်ကြပါဦး"
" မင်္ဂလာပါ ဆရာမ"
" ကဲ..... ဒါဆိုရင် ဆရာမ က ပထမတစ်ချိန် ဒီအတန်း ပြီးတာနဲ့ ရုံးခန်းကို ပြန်လာခဲ့။ ဆရာမကြီး က အချိန်ဇယား ပြန်စီပေးမယ်။ ဟုတ်ပြီလား"