"There is only one happiness in this life, to love and be loved."
- GEORGE SAND -
"ဒါဆို ဆောင်ဟွန်းရှီး၊ ဆောင်ဟွန်းရှီးဆီမှာ အချစ်ဦးရှိလားဆိုတာလေး မေးကြည့်လို့ရမလား?"
စင်အောက်မှ ကင်မရာမီးများက မျက်စိပျက်ချင်စရာ တဖျတ်ဖျတ်လင်းလို့နေသည်။ ကွင်းထဲရှိ ရာထောင်ချီသော ပရိတ်သတ်လူအုပ်ကြီးမှာလည်း ဆောင်ဟွန်း၏အဖြေကို စောင့်နေသယောင် တညီတညာတည်းအသံတိတ်လို့။ ဘေး အဝေးတစ်နေရာရှိ အစီအစဉ်တင်ဆက်သူ အစ်မကြီးမှာလည်း မျှော်လင့်ချက်တို့ပြည့်လျှံသောမျက်ဝန်းတို့ဖြင့် ဆောင်ဟွန်းကိုလှမ်းကြည့်လို့နေသည်။
ရှောင်လွှဲဖို့မသင့်သည့် မေးခွန်းမလို့ ဆောင်ဟွန်း ကိုယ့်စိတ်ကိုယ်ငြိမ်အောင်ထိန်းရင်း အသက်တစ်ချက် ဝဝရှူလိုက်သည်။ မှတ်ဉာဏ်ထဲတွင်လည်း သိပ်ချစ်ဖို့ကောင်းသည့် ကောင်လေးတစ်ယောက်၏ အပန်းရောင်နှင်းဆီအိုးလေးကိုင်ထားသည့်ပုံကိုမြင်ယောင်လိုက်ရင်း။
"သေချာပေါက် ... ရှိတာပေါ့"
•
ဆောင်ဟွန်း အဲ့ဒီအချစ်ဦးဆိုသူကို စတွေ့ခဲ့တာ တက္ကသိုလ်ကျောင်းသားဘဝတုန်းကဖြစ်သည်။
ဆောင်ဟွန်းတို့အနုပညာတက္ကသိုလ်၏ ရှေ့တည့်တည့်မှ လမ်းမကျယ်ကြီးကိုဖြတ်လိုက်လျှင် မျက်နှာချင်းဆိုင် ဆိုင်တန်းများထဲတွင်တွင် ပန်းဆိုင်သေးသေးလေးတစ်ဆိုင်ရှိသည်။ ဆိုင်းဘုတ်ချိတ်မထားတာမို့ ဆိုင်နာမည်ကိုဆောင်ဟွန်းမသိ။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း ဆိုင်အပြင်အဆင်ကို ပန်းအလိုက်အရောင်ပြောင်းတာမို့ မျက်စိထဲထူးထူးခြားခြားရှိခဲ့တာတော့ အမှန်ပင်။
တနင်္လာနေ့ဆိုလျှင် ခရမ်းရောင် လာဗင်ဒါတွေ၊ အင်္ဂါဆိုလျှင် အဖြူရောင် ဒါလီယာတွေ၊ ဗုဒ္ဓဟူးဆိုလျှင် နှစ်ရောင်စပ် ကာနေးရှင်းတွေ၊ ကြာသပတေးဆိုလျှင် Morning glory အပြာရောင်တွေဖြစ်ပြီး သောကြာဆိုလျှင်တော့ အဖြူရောင် လီလီပန်းတွေဖြစ်သည်။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးမှာတော့ ပန်းရောင်နှင်းဆီတွေကိုသာထားသည်။