*စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်*
PartB"ကိုဇေ! ဘယ်နှနာရီလဲ အခု!"
အခန်းထဲဝင်လိုက်သည်နှင့် လေသံမာဆတ်ဆတ်က တန်းထွက်လာသည်။
သူ ဒီလိုတွေ ဆရာလုပ်တော့မည်မှန်း ဇေရတု ကောင်းကောင်းရိပ်မိသည်။
"မင်း မှာ နာရီ မရှိဘူးလား"
ဇေရတုသည်လည်း ငြိမ်မခံတတ်သည်မို့ ပက်ခနဲ ပြန်ပက်သည့်အကျင့်သည် မပြင်ရသေး။
တင်းသွားသည့် မေးရိုးများသည် ထင်းနေကာ အနည်းငယ်လန့်စရာ ကောင်းသည်။
ဘယ်အချိန်တွေကများ သူ စနောက်နေကျ ဒီစာကြမ်းပိုးလေးသည် ဒီလောက် အရွယ်ထိ ကြီးထွားလာခဲ့ပါလိမ့်။
ရှေ့က စာအုပ်ကို ကျစ်အောင် လိပ်ပြီး ဇေရတုရှိရာ တံခါးနား လာနေသူကြောင့် ကြောင်တွေစွာ ရပ်နေမိသည်။
ယှဉ်ရပ်တော့မှ သိသိသာသာ ပုနေသည့် သူ့အရပ်ကြောင့် ဇေရတု ပို၍ စိတ်ရှုပ်ထွေးရသည်။
ဘာကြောင့် သူ့ထက် အရပ်ရှည်ရတာလဲ ဒီကောင်က။
ဆတ်ခနဲ ဇေရတု လက်ကို ဆွဲလိုက်သည်ကြောင့် ထိတ်ခနဲ။
"ကြည့်! နာရီ! ဘယ်အချိန်လဲ ပြော!"
လက်ဖဝါးကို အားဖြင့် ဖျစ်ထားသူကြောင့် ဇေရတု နာကျင်သွားရကာ မဆိုသလောက်တော့ လန့်သွားသည်။
မကြည့်ဘူးဟု ဂျစ်တိုက်မည့်အတွေးသည် ပို၍ ဖိလာသည့် အားကြောင့် အတွေးပြောင်းရတော့သည်။
"ကိုးခွဲ"
"သေချာဖြေမယ် ကိုဇေ!"
လက်ကို မလွှတ်သေးဘဲ လေသံမာမာဖြင့် ထပ်မေးသူကြောင့် နှုတ်ခမ်းတို့ကို တစ်ချက် ဖိကြိတ်လိုက်သည်။
"ကိုးနာရီခွဲပါ ဆရာကြီး"
"ဖြောင်း!"
"အား!"
ရွဲ့သည့်စကား ဆုံးသည်နှင့် လက်မောင်း တစ်ဖက်ပေါ် ရောက်လာသည့် စာအုပ်လိပ်၏ ရိုက်ချက်။
တစ်ချက်တည်းဖြင့်ပင် စပ်ဖျဉ်းဖျဉ်း။
သုတ ဒေါသကြောင့် တွေ့ရာစာအုပ်ကို လိပ်ပစ်သည်ဟု ထင်ခဲ့ပေမယ့် အခုမှ စာအုပ်လိပ်ရသည့် ရည်ရွယ်ချက်ကို သိရသည်။
သူ့ကို ရိုက်ဖို့ပဲ။