ရွာအဝင်လမ်းဟာ လှည်းနှစ်စီး ယှဉ်၍ သွားလို့ ရသည်အထိပင် ကျယ်သည်။
လမ်းတစ်လျှောက်မှာတော့ ပေါက် ပင်နှင့် လက်ပံပင် တို့ဟာ အစီအရီ ပေါက်လို့ နေကြသည်။
ရွာလမ်း ဟူသည့်အတိုင်း မြို့တွေမှာလို မဟုတ်ဘဲ ဖုန် တသောသော ထ လျက်ရှိသည်။
တပို့တွဲ လ ဖြစ်တာမို့ ထမနဲထိုးပွဲတွေ ပြုလုပ်သည်။
ပြီးလျှင် အနီးအနားက ရွာတွေနဲ့ အတူပေါင်းကာ ရွာလယ်က ဘုရားမှာ ၁၅ ရက်တာ မျှကြာသောဘုရားပွဲလည်း ကျင်းပကြသည်။
ယခုမူ ဘုရားပွဲ ကျင်းပနေတာ တစ်ပတ်ပင် ပြည့်ခဲ့ပြီ။
ရွာသူ၊ ရွာသားများ အကြိုက် ဇာတ်ပွဲ၊ ဆိုင်းပွဲ လေးလည်းပါ၊ ကလေးတွေ အကြိုက် အရုပ်ဆိုင်၊ မုန့်ဆိုင် တွေကလည်းစုံ ဆိုတော့ ဘုရားပွဲမှာ လူမပြတ်ပေ။
တစ်နေ့ကို နွားလှည်း အစီး 100 လောက် သွားလိုက်၊ လာလိုက် လုပ်နေသော ရွာအဝင်လမ်းမကြီးလည်း မြေကြီးမို့သာ တော်တော့သည်။
သက်ရှိသာဆို အနင်းမခံနိုင်၍ ထ ထွက်ပြေးသွားလောက်ပြီ။
ယခုလည်း ညနေစောင်း အချိန်မို့ လှည်းတွေ၊ လူတွေ ရှုပ်လာပြီ။
ဆယ်ကျော်သက် အရွယ် လူငယ် များကလည်း ကိုယ့် အုပ်စုနှင့်ကိုယ် လျှောက်လည်နေကြပြီ။
ဆယ်ကျော်သက် တစ်ယောက် ဖြစ်ပါလျက် ရွယ်တူ၊ တန်းတူတွေနှင့် အတူတူ မသွားဘဲ တစ်ယောက်တည်း သက်သက် ခွဲထွက် နေသူက ခင်ရွှန်းသ။
အသက် ၂၀ ပြည့်လု ပြည့်ခင် ဖြစ်နေသော သူမက သူငယ်ချင်း၊ အပေါင်းအသင်းဟူ၍ မရှိ။
သူမကို စကားလာ ပြောလျှင် ပြန်ပြောသည်။ လာ နှုတ်ဆက်လျှင် ပြန်နှုတ်ဆက်သည်။
သူမဘက်က စ၍ မည်သူ့ကိုမှ နှုတ်မဆက်။ မည်သူ့ကိုမှ စကား စ မပြောပေ။ မိသားစု ဝင်တွေနှင့်လည်း ထိုကဲ့သို့ပင်။
"အာ့"
ပွဲဈေးတန်းတွင် လျှောက်ကြည့်နေရင်း မိန်းမတစ်ယောက်နှင့် ခပ်ပြင်းပြင်း တိုက်မိသဖြင့် ခင်ရွှန်းသနှုတ်က ရုတ်တရတ် အသံ ထွက်သွားမိသည်။