Unicode

180 16 3
                                    

ဟိုးရှေးရှေးတုန်းက ကောင်းကင်ဘုံမှာ အလွန်တရာ ရှပ်ပျာပျာနိုင်လှတဲ့ ဖူးစာရေးနတ်အရာရှိလေးတစ်ပါး ရှိသတဲ့။ လူ့ပြည်မှာတော့ သူ့ကို မြားနတ်မောင်လို့ ခေါ်ကြတယ်။ တစ်နေ့ အဲဒီဖူးစာရေးနတ်အရာရှိလေးဟာ လူသားတွေကို ဖူးစာရှာအောင်သွယ်ပေးဖို့ ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းခံရတယ်။ ဒါနဲ့ပဲ သူဟာ မြားကျည်တောက်နဲ့ လေးကို လွယ်ပြီး လူ့ပြည်ကို ဆင်းသက်ခဲ့ရတော့တယ်။

လူ့ပြည်ဆိုပြီး ဆင်းလာလိုက်တဲ့နေရာမှာ လူတွေစုဝေးနေတဲ့နေရာကြီးကို ရောက်သွားတယ်။ ပွဲတော်ကြီးတစ်ခုလို့ထင်ရပြီး အားလုံးက သရဲတစ္ဆေတွေလို ဝတ်ဆင်ထားကြတယ်။ တချို့ဆို မျက်နှာမှာ သရဲတွေလို ဆေးရောင်တွေခြယ်ထားပြီး တချို့ကတော့ မျက်နှာဖုံးတွေ တပ်ထားကြတယ်။ ဖရုံသီးကို မျက်လုံးနှစ်လုံးဖောက်ထားပြီး မီးပုံးလုပ်ထားတဲ့ ဖရုံသီးမီးပုံတွေလည်း ရှိတယ်။ မိစ္ဆာတွေက လမ်းမပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ခြောက်လှန့်နေကြတယ်။ တစ်နေရာမှာဆို မိစ္ဆာတစ်ကောင်က တခြားမိစ္ဆာကို စားပွဲရှည်ကြီးပေါ်တင်ပြီး ခါးကို လွှဖြတ်စက်ကြီးနဲ့ ဖြတ်နေတယ်။ သွေးသံရဲရဲမြင်ကွင်းကြောင့် မြားနတ်မောင်လေး မျက်လုံးမှိတ်ပစ်လိုက်ရတယ်။

ဖူးစာရှင်နတ်အရာရှိလေးဖြစ်တဲ့ မြားနတ်မောင်လေး အံ့ဩသွားတယ်။ သူ ဆင်းလာတာ လူ့ပြည်ပါ။ ဘယ်လိုကြောင့် မိစ္ဆာတိုင်းပြည်ကို ရောက်လာတာလဲ နားမလည်နိုင်ဖြစ်နေရတယ်။ ဒါပေမဲ့ သူလည်း မိစ္ဆာတိုင်းပြည်ကို ရောက်လက်စနဲ့ဆိုပြီး အဲဒီပွဲတော်ထဲကို ဝင်သွားလိုက်တယ်။ သူတို့ ကောင်းကင်ဘုံမှာ ဒါမျိုးမရှိဘူးလေ။ မြားနတ်မောင်လေးရဲ့ စပ်စုချင်တဲ့စိတ်ကို ဘယ်လိုအရာကမှ မတားဆီးနိုင်ခဲ့ဘူး။ မြင်မြင်သမျှအရာတွေကို သူလိုက်ကြည့်နေခဲ့တယ်။ မိစ္ဆာအတွဲတစ်တွဲလောက်ကို အောင်သွယ်ပေးခဲ့ဖို့တောင် စိတ်ကူးမိလိုက်သေးတယ်။

မြားနတ်မောင်လေးဟာ စပ်စပ်စုစု လျှောက်ကြည့်နေတုန်းမှာ တစ်ကိုယ်လုံး အေးစိမ့်စိမ့်ဖြစ်ပြီး ကြက်သီးမွေးညင်းတွေပါ ထသွားတယ်။ ပွဲတော်ကြီးတစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားတယ်။ သူ ကြောင်ကြောင်တောင်တောင်နဲ့ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်းမှာပဲ စကားနဲ့ဖော်ပြလို့မရတဲ့ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရတယ်။ အဲဒီအရှိန်အဝါရဲ့ ဖိနှိပ်ခြင်းကိုလည်း ခံလိုက်ရပြီး လက်ထဲမှာကိုင်ထားတဲ့ မြားလေးကို မရည်ရွယ်ပါဘဲ ပစ်လွှတ်လိုက်မိတယ်။

ကံဆိုးချင်တော့ မရည်ရွယ်ဘဲ လွတ်ထွက်သွားတဲ့မြားလေးက ပွဲတော်ထဲကိုဝင်လာတဲ့ မျက်နှာရဲ့လေးပုံသုံးပုံကို ငွေရောင်မျက်နှာဖုံးနဲ့ အုပ်ကာထားတဲ့ ကြီးမားတဲ့အရှိန်အဝါနဲ့မိစ္ဆာရဲ့ ဝဲဘတ်ရင်အုံကို တည့်တည့်ကြီးကို ထိမှန်သွားတယ်။ အဲဒီမိစ္ဆာရဲ့ အေးစက်စက်အကြည့်စူးစူးတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အချိန်မှာတော့ မြားနတ်မောင်လေးဟာ ကြောက်လန့်တကြားနဲ့ ပွဲတော်ထဲက ပြေးထွက်ခဲ့တော့တယ်။

လက်ထဲက လေးမှာတော့ မြားတစ်ချောင်းက အလိုအလျောက် ပေါ်လာခဲ့တယ်။ စောစောကမြားထိလိုက်တဲ့မိစ္ဆာအတွက် ဖူးစာရှင်ရှာရတော့မယ်။

မြားနတ်မောင်လေးဟာ လမ်းမပေါ်ကို ထွက်ပြေးလာခဲ့တယ်။ သူပြေးလာတဲ့လမ်းတစ်လျှောက်မှာလည်း ကလေးတွေက အိမ်တွေကို တံခါးလိုက်ခေါက်နေတာ တွေ့ရတယ်။ တစ်နေရာမှာတော့ ကလေးတစ်ဖွဲ့က အိမ်တစ်အိမ်ကို တံခါးခေါက်လိုက်လို့ အမျိုးသမီးတစ်ယောက်ကို အိမ်တံခါးဖွင့်ပေးလိုက်တာကို ရပ်ကြည့်လိုက်တယ်။ တံခါးဖွင့်ပေးတဲ့မိစ္ဆာကို ကြည့်ရတာတော့ လူသားလိုပါပဲ။

"Trick or treat"

သူတွေးနေတုန်းမှာပဲ မိစ္ဆာပေါက်လေးက သူ့အင်္ကျီလက်ကိုလာဆွဲပြီး 'trick or treat' လို့ လာပြောတယ်။ ဘာပြောတာလဲ သူနားမလည်ဘူး။ သူသတိထားမိတာကတော့ ကလေးဆီက မိစ္ဆာနံ့လုံးဝရမနေတာပဲ။ သူ သေချာလေး အနံ့ခံကြည့်လိုက်တယ်။

ဒါ လူသားအနံ့မှ လူသားနံ့အစစ်။ သူ သေချာအာရုံစူးစိုက်ကြည့်လိုက်တော့ ဒါက လူ့ဘုံဖြစ်နေတယ်။

သေချာပါတယ်။ ဒါလူ့ဘုံပါ။

အဲဒီအချိန်မှာပဲ ကလေးတွေအများကြီး သူ့နားဝိုင်းလာကြပြီး သူနားမလည်တဲ့ စောစောက စကားကိုပဲ ထပ်ပြောကြတယ်။ ကလေးတွေက သူ့လက်ထဲက လေးနဲ့မြားကို မမြင်ကြဘူး။ သူကလွဲပြီး ဘယ်သူမှလည်း မမြင်နိုင်ဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ နားမလည်တဲ့စကားကြောင့် သူ စိတ်ညစ်လာတယ်။ သူ့ကို သွားခွင့်လည်းမပေးကြဘဲ ဝိုင်းဆွဲထားကြတယ်။ သူ စိတ်ညစ်ညစ်နဲ့ထိုင်ချလိုက်တဲ့အချိန်မှာ အဆော့သန်တဲ့ကလေးတစ်ယောက်က သူ့လက်ကိုယူပြီး ဆွဲယမ်းလိုက်တယ်။ တခြားကလေးတွေလည်း အဲဒီကလေးလုပ်သလို ဝိုင်းလုပ်ကြရင်း လက်ထဲက မြားလေးက ကံဆိုးစွာ နှစ်ပိုင်းကျိုးသွားရတော့တယ်။

စိတ်ညစ်နေတဲ့မြားနတ်မောင်လေးဟာ စိတ်ဓာတ်ကျစွာ ဖင်ထိုင်ကျသွားရှာတော့တယ်။

သွားပြီ။ တစ်ချောင်းက ပစ်ပြီးပြီဆိုတော့ ဒီတစ်ချောင်းက ပစ်မှကို ဖြစ်တော့မှာ။ နန်းဆောင်ကိုပြန်သွားရင်လည်း ပထမဆုံးတာဝန်မှာ ကျရှုံးခဲ့တဲ့အတွက် နတ်သက်တမ်းတစ်လျှောက်လုံး ခေါင်းဖော်နိုင်တော့မှာ မဟုတ်ဘူး။

ဒီလိုနဲ့ပဲ ခေါင်းမာလှတဲ့ မြားနတ်မောင်လေးဟာ လူ့ဘုံမှာနေပြီး စောစောက သူပစ်လွှတ်လိုက်တဲ့မြား မှန်သွားသူအတွက် ဖူးစာရှင်ကို သူကိုယ်တိုင်ရှာပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူ လူယောင်ဖန်ဆင်းပြီး လူသားတွေနဲ့ ရောထွေးနေလိုက်တယ်။

******

ဝှါး...

မင်းဘုန်းသန့်တစ်ယောက် အိပ်ရာထဲတွင် သမ်းဝေလျက် အကြောဆန့်လိုက်သည်။ အကြောဆန့်ရင်း အိပ်မက်ကို စဉ်းစားမိတော့ ရယ်ချင်နေသည်။

ပေါက်တတ်ကရအိပ်မက်။

အပြင်မှာဖြစ်နေတာတွေကို စိတ်စွဲပြီးမက်တာ ဖြစ်လိမ့်မည်။

အကြောဆန့်ပြီးနောက် အိပ်ရာထကာ နံနက်ခင်းလုပ်ဆောင်ဖွယ်ရာများကို ဆောင်ရွက်လိုက်သည်။ ရေချိုးသည်။ နံနက်စာစားသည်။ ကျောင်းသွားရန် ပြင်ဆင်ရသည်။ လွယ်အိတ်ထဲ စာအုပ်ထည့်ရင်း စာကြည့်စားပွဲပေါ်က ပန်းရောင်လေးထောင့်ဘူးလေးကိုပါ ကောက်ထည့်လိုက်သည်။

ဇူးဇူးဝင့်ထည်ဆိုသည့် ငတိမပေးထားသော လက်ဆောင်ဘူးဖြစ်သည်။ သို့သော် သူ့အတွက်တော့ မဟုတ်။ သူတို့ပထမနှစ်၏ King အံ့မင်းထည်အတွက် ဖြစ်သည်။ ငတိမလေးက သူ့ကို အောင်သွယ်တော်ရာထူး အပ်နှင်းထားသည်။

လက်ဆောင်ဘူးလေးကိုကြည့်၍ မင်းဘုန်းသန့် သက်ပြင်းချလိုက်သည်။

သူလည်း သည်နှစ်ယောက်ကို မြန်မြန်နီးစပ်အောင် အောင်သွယ်ပေးနိုင်မှ ဖြစ်မည်။ မဟုတ်လျှင် တာဝန်ကြီးတစ်ခု ထမ်းရွက်ထားရသလို သူ့ပခုံးတွေ လေးလံလှသည်။ ယခုတော့ တာဝန်တစ်ခုနှင့် လေးလံနေသည့် ပခုံးပေါ်သို့ လွယ်အိတ်တင်ကာ ကျောင်းသို့ ထွက်ခဲ့လိုက်သည်။

******

"မင်းဘုန်းသန့်.. နင့်ကို အံ့မင်းထည်ရှာနေတယ်"

လွယ်အိတ်ပင် မချရသေး။ စာသင်ခန်းထဲဝင်လိုက်သည်နှင့် ကောင်မလေးတစ်ယောက်က ပြောလာသည်။

"အခုဘယ်မှာလဲ"

"ကန်တင်းသွားတယ်ထင်တယ်"

မင်းဘုန်းသန့်တစ်ယောက် စာသင်ခုံပေါ်ချတော့မည့် လွယ်အိတ်လေးကို ပခုံးပေါ်ပြန်တင်ကာ အံ့မင်းထည်စောင့်နေသည့် ကန်တင်းသို့ လိုက်သွားလိုက်သည်။

"မင်းဘုန်းသန့်..."

သူ ကန်တင်းပင် မရောက်လိုက်။ ကော်ရစ်တာ၌ပင် ကန်တင်းမှပြန်လာကြသည့် အံ့မင်းထည်တို့အဖွဲ့နှင့် တွေ့သည်။ မင်းဘုန်းသန့်က ရောက်နေသည့်နေရာတွင် ရပ်၍ မျက်နှာချင်းဆိုင်မှ အဖွဲ့ကို ပြောလိုက်သည်။

"ငါက မင်းတို့ဆီ လိုက်လာမလို့"

"မလာနဲ့တော့၊ အတန်းသွားတက်မယ်"

အနားရောက်လာသည့် အံ့မင်းထည်က မင်းဘုန်းသန့်ကို ပခုံးမှဆွဲဖက်ကာ စာသင်ခန်းဆီသို့ ပြန်လာခဲ့ကြသည်။ နားထဲသို့လည်း စကားတီးတိုး ကပ်ပြောလာသေးသည်။

"ဒီနေ့ရော ဘာလက်ဆောင်ပါသေးလဲ"

"ပါတယ် လွယ်အိတ်ထဲမှာ"

ဤတက္ကသိုလ်နယ်မြေတွင်သာမက အခြားသော နီးစပ်ရာတက္ကသိုလ်များတွင်ပင် အံ့မင်းထည်ကို စိတ်ဝင်စားနေကြသည့် အလှပဂေး များစွာရှိသည်။ တချို့က တိတ်တခိုးသာ ရင်ခုန်နေကြပြီး တချို့ကတော့ ပေါ်ပေါ်ထင်ထင်ပင် ပိုးပန်းကြသည်။ လက်ဆောင်ပစ္စည်းများ ပို့ပေးကြသည်။ အံ့မင်းထည်ကတော့ မည်သူ့ကိုမျှ စိတ်မဝင်စားသကဲ့သို့ မည်သည့်လက်ဆောင်ကိုမျှလည်း လက်မခံပါချေ။ တစ်ဖက်လူ၏ ခံစားချက်ကို ပေါ့ပေါ့တန်တန်သာ သဘောထားသည်။ သို့သော် ဇူးဇူးဝင့်ထည်အပေါ်တွင်တော့ မတူချေ။

ဇူးဇူဝင့်ထည်ပေးသော လက်ဆောင်များကိုတော့ ယူသည်။ ယခုကဲ့သို့ 'ဘာလက်ဆောင်ပါသေးလဲ'၊ 'လက်ဆောင်ပေးလိုက်သေးလား' ဟူ၍လည်း မေးတတ်သေးသည်။

ဖူးစာရှင်အစစ်အမှန်တွေဆိုတော့လည်း ထိုသို့ပဲ ဖြစ်ပါလိမ့်မည်။

အတန်းထဲရောက်သည်နှင့် စာသင်ခုံတွင် ဝင်ထိုင်ပြီး လွယ်အိတ်ကို ခုံပေါ်တင်လိုက်တော့ အံ့မင်းထည်က မင်းဘုန်းသန့်လွယ်အိတ်ကို ကိုယ်တိုင်ဇစ်ဖွင့်ကာ လက်ဆောင်ဘူးကို ကိုယ်တိုင်ရှာယူသည်။ ထို့နောက် သူ့လွယ်အိတ်ထဲသို့ ချက်ချင်းထည့်သိမ်းလိုက်သည်။ ထို့နောက် မင်းဘုန်းသန့်ကိုလည်း အမြင်ကပ်စရာကောင်းသည့် ဟန်ဆောင်ပြုံးတစ်ခု လက်ဆောင်ပြန်ပေးလိုက်သေးသည်။

သူတို့နောက်ဆုံးတန်းသို့ လှည့်ကြည့်နေသည့် ရှေ့ဆုံးတန်းမှ ဇူးဇူးဝင့်ထည်လည်း သက်ပြင်းချ၍ ရှေ့ပြန်လှည့်သွားသည်။

"အံ့မင်းထည်.. မင်း သူများပေးတဲ့လက်ဆောင်တွေကျ ယူယူပြီး သူများကိုလည်း ပြန်ပေးလိုက်အုံးလေ"

"ငါက ဘာလို့ ပြန်ပေးရမှာလဲ"

"မင်း သူများပေးတာ ယူပြီးတော့"

"သူ့ကို ဘယ်သူက ပေးခိုင်းလို့လဲ။ သူပေးလို့ ငါယူတာလေ"

"အလကားကောင်"

မင်းဘုန်းသန့်ပြောလည်း အံ့မင်းထည်တို့က ပြုံးပြုံးပင်။ လက်ဆောင်ဘူးရှိမည့်နေရာလေးကိုတောင် မှန်း၍ လွယ်အိတ်ကို ပွတ်သပ်နေလိုက်သေးသည်။

ပိုက်ဆံမရှိတာလည်း မဟုတ်။ ပိုက်ဆံတွေ သည်လောက်ချမ်းသာနေပါလျက်နှင့် ကောင်မလေးကို လက်ဆောင်ပေးရန်ကျ သေမတတ် ကပ်စေးနှဲနေသည့် အံ့မင်းထည်ကို ကြည့်၍ မင်းဘုန်းသန့်တစ်ယောက် တော်တော်တရားကျနေပါပြီ။

ဤသည်ကို အသည်းမနာတတ်သည့် ဇူးဇူးဝင့်ထည်က ထမင်းစားချိန်ဆင်းသည်နှင့် မင်းဘုန်းသန့်ကို လှမ်းကြည့်လာပြန်သည်။ အတန်းအပြင်ထွက်ရန်အတွက် ရှေ့ဆုံးနှင့် နောက်ဆုံး တံခါးပေါက်ကြီးနှစ်ခုရှိသော်လည်း သူကတော့ မယောင်မလည်နှင့် ရှေ့ဆုံးတန်းရှေ့မှ ဖြတ်သွားလိုက်သည်။ ထို့နောက် ဇူးဇူးဝင့်ထည် မသိမသာကမ်းပေးလိုက်သည့် ချောကလက်တောင့်ကိုယူ၍ အပြင်သို့ ထွက်ခဲ့လိုက်သည်။ သူ အခန်းရှေ့ရောက်သည်နှင့် အံ့မင်းထည်က ချောကလက်တောင့်ကို ဆွဲယူ၍ အခွံခွာက ပါးစပ်ထဲသို့ အကုန်ထည့်ပစ်လိုက်တော့သည်။ မျက်လုံးလှန်ကြည့်လာသည့် မင်းဘုန်းသန့်ကိုလည်း ပြောလိုက်သေးသည်။

"ဘာလဲ၊ ငါ့အတွက်ပေးတာ မဟုတ်ဘူးလား"

မင်းဘုန်းသန့် သူ့ကို ပြန်မပြောချင်တော့ပါ။ အမြင်ကပ်စရာအပြုံးကြီးကို ကျောခိုင်း၍ ရှေ့မှ သူငယ်ချင်းနှစ်ယောက်ကိုသာ အမီလိုက်တော့သည်။ သို့သော် မကြာမီ ပခုံးတစ်ဖက်ပေါ် လက်တစ်ဖက်ရောက်လာသည်။ မော့ကြည့်လိုက်တော့ စပ်ဖြဲဖြဲအပြုံးတစ်ခုက နေရောင်အောက်တွင် အမြင်ကပ်စရာကောင်းစွာ လင်းလက်တောက်ပနေသည်။

******

ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဖြစ်၍ ဈေးဝယ်စင်တာတွင် ကြားရက်များထက် ပို၍ ရှုပ်ထွေးစည်ကားနေသည်။ အမှန်တကယ် ဈေးဝယ်ရန်လာကြသူများလည်းရှိသကဲ့သို့ ချစ်သူနှင့် လျှောက်လည်နေကြသူများ၊ သူငယ်ချင်းနှင့် အပျင်းပြေလျှောက်ကြည့်နေသူများလည်း ရှိသည်။ ဇူးဇူးဝင့်ထည်နှင့် မင်းဘုန်းသန့်ကတော့ ပထမအမျိုးအစားထဲတွင် ပါသည်။

ဇူးဇူးဝင့်ထည်က လက်ဆောင်ဝယ်ချင်၍ အဖော်လိုက်ပေးရန်ခေါ်သောကြောင့် မင်းဘုန်းသန့်က လိုက်ခဲ့ခြင်းဖြစ်သည်။

"ဒီမှာကြည့်ရအောင်"

ဇူးဇူးဝင့်ထည်က လူငယ်များကြား ခေတ်စားနေသော brand တစ်ခုဆိုင်ထဲသို့ ဝင်ကြည့်ချင်၍ မင်းဘုန်းသန့်ပါ အတူ လိုက်ဝင်လိုက်သည်။ ဆိုင်ထဲတွင် ခေတ်မီလှပစတိုင်လ်ကျသည့် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် အမျိုးမျိုးရှိနေပြီး ဇူးဇူးဝင့်ထည်ကတော့ ပေါ့ပါးသည့် ဒီဇိုင်းလေးများကို ဦးစားပေးကြည့်နေသည်။ အချိန်အနည်းငယ်ကြာ လှည့်ပတ်ကြည့်ရှုပြီးနောက် ယခင်ကြည့်ခဲ့သည့် နေရာသို့ ပြန်သွားပြန်သည်။ ထို့နောက် ထိုနေရာတွင်ချိတ်ထားသော အင်္ကျီတစ်ထည်ကို ဖြုတ်ယူ၍ မင်းဘုန်းသန့်ကိုယ်တွင် ကပ်ကြည့်ကာ...

"ဒါလေး နင်နဲ့လိုက်တယ်နော်"

"အင်း"

"ကြိုက်လား။ ကြိုက်ရင် ယူလိုက်မယ်"

"အာ.. မဟုတ်တာ။ အားနာစရာကြီး မဝယ်ပေးပါနဲ့"

"ဘာလဲ ငါ့လက်ဆောင်ကို ငြင်းချင်တာလား"

"မဟုတ်တာဟာ။ နင်လက်ဆောင်ဝယ်ပေးရမယ့်သူအတွက်ပဲ ဝယ်ပေးလိုက်ပါ။ ငါ့အတွက် ဝယ်မနေပါနဲ့တော့"

"ဘယ်သူ့အတွက်မှ မဝယ်ဘူး။ ငါတစ်ထည် နင်တစ်ထည် ဝယ်မယ်။ ဒါပဲ"

"နင်ပဲ လက်ဆောင်ပေးရမယ့်လူရှိလို့ ဝယ်ချင်လို့ဆို"

"ဘယ်လိုပဲဖြစ်ဖြစ် နင့်ကိုပေးလိုက်တာလဲ အတူတူပါပဲ"

အံ့မင်းထည်သိလျှင်တော့ မိုး မီးလောင်လိမ့်ဦးမည်။

"မဟုတ်တာ..."

ဇူးဇူးဝင့်ထည်တစ်ယောက် မင်းဘုန်းသန့်စကား ဆုံးအောင်တောင်မစောင့်တော့ဘဲ ဝန်ထမ်းကောင်မလေးအား သူရွေးထားသည့်အင်္ကျီနှစ်ထည်ကိုပေး၍ ငွေရှင်းကောင်တာတွင် ငွေရှင်းနေလေပြီ။ ထို့နောက် အမျိုးသားဝတ်အင်္ကျီထည့်ထားသည့် အိတ်ကို မင်းဘုန်းသန့်ဆီ ကမ်းပေးလိုက်ပြီး...

"မငြင်းနဲ့နော်။ ငြင်းရင် စိတ်ဆိုးမှာ"

"နင်ကလည်း..."

"အားနာရင် ငါ့ကို နေ့လယ်စာ ပြန်ဝယ်ကျွေး"

ဤသို့ဖြင့် နေ့လယ်စာစားရန် ဇူးဇူးဝင့်ထည်ရွေးချယ်သော ဆိုင်သို့ တက်လာခဲ့ကြသည်။ ဆိုင်မှာ ရုပ်ရှင်ရုံရှိသည့်အထပ်တွင်ဖြစ်၍ ရုပ်ရှင်ရုံဘက်ကိုလည်း သွားငေးလိုက်ကြသေးသည်။

"ဒီမှာ ငါတို့အတူတူကြည့်မယ်လို့ ပြောထားတဲ့ကားလေး ထွက်တော့မှာနော်"

ဇူးဇူးဝင့်ထည်က နောင်လာမည့်ကားများ ပြသထားသည့် display ကိုကြည့်၍ ပြောလာသည်။

"အင်း ကြည့်မယ်။ ပထမဆုံးရုံတင်တင်ချင်းရက်ကို လက်မှတ်ရအောင်ဝယ်ပြီး ကြည့်မယ်"

"နင် ကတိနော်"

"အင်း ကတိ"

ထိုနေ့က မင်းဘုန်းသန့်တစ်ယောက် ဇူးဇူးဝင့်ထည်ဝယ်ပေးသည့် လက်ဆောင်အိတ်လေးကို ကိုင်၍ မျက်ခုံးလှုပ်လှုပ်နှင့် အိမ်ပြန်လာခဲ့ရသည်။ အံ့မင်းထည်သိလျှင် သူတော့ ဇီဝိန်ကြွေရလိမ့်မည်။

******

"မင်းဘုန်းသန့်.. မင်း မနေ့က ဘယ်သွားလဲ"

အံ့မင်းထည်သည် စိုးသူရ၊ သန့်စင်အောင်တို့နှင့် ဘတ်စကက်ဘောကစားနေရာမှ ထွက်လာပြီး အနားယူနေသည့် မင်းဘုန်းသန့်လက်ထဲမှ ရေဘူးကို ယူသောက်ရင်း မေးလိုက်ခြင်း။

မင်းဘုန်းသန့်ကတော့ အဖြေပြန်မပေးဘဲ ရေသောက်နေသူကို မော့ကြည့်နေလိုက်သည်။

အံ့မင်းထည် ရေသောက်ပြီး ရေဘူးကို အဖုံးပိတ်ပြီး မင်းဘုန်းသန့်ဆီ လှမ်းပေးရင်း...

"အတူတူစားရတဲ့နေ့လယ်စာက ခံတွင်းမှ မြိန်ရဲ့လား"

"သတင်းက မြန်လှချည်လား"

မင်းဘုန်းသန့်က ရေဘူးကို ဘေးခုံပေါ် ပြန်ချရင်း ပြောတော့ အံ့မင်းထည်က မင်းဘုန်းသန့်လည်ပင်းကို သိုင်းဖက်ကာ ညှစ်လိုက်ပြီး...

"ဘယ်တွေသွားပြီး ဘာတွေလုပ်ခဲ့ကြသေးလဲ ပြောစမ်း"

"ဘယ်မှမသွားဘူး။ သူက လူတစ်ယောက်ကို လက်ဆောင်ပေးချင်လို့ လက်ဆောင်ဝယ်ချင်လို့ လိုက်ခဲ့ပေးပါဆိုပြီး အကူအညီလာတောင်းလို့ လိုက်သွားတာ။ ငါထင်တာ မင်းကိုပေးချင်လို့ ငါ့ကို ကူရွေးခိုင်းမယ်ထင်လို့ လိုက်သွားတာ။ ဒါပေမဲ့ ဟိုရောက်တော့ ငါတို့နှစ်ယောက်အတွက်ပဲ အင်္ကျီတစ်ယောက်တစ်ထည်ဝယ်ပြီး ပြန်လာကြတာ။ သူက အင်္ကျီဝယ်ပေးတော့ ငါလည်း နေ့လယ်စာပြန်ဝယ်ကျွေးလိုက်တယ် ဒါပဲ။ သဝန်တိုတာလည်း နည်းနည်းလျှော့။ တအားဖြစ်နေရင်လည်း ဖွင့်ပြောလိုက်တော့"

"မင်းကလည်း.. ငါက ချစ်လို့စတာပါ"

သူ စိတ်မရှည်ဟန်နှင့်ပြောလိုက်မှ လည်ပင်းကိုဖက်ထားသည့်လက်ကိုဖယ်ကာ အင်္ကျီကို သပ်ရပ်အောင်ပြန်ပြင်ပေးပြီး ချော့နေသော အံ့မင်းထည်ကို မင်းဘုန်းသန့်ခမျာ မကျေမနပ်နှင့် ကြည့်ရုံသာ ကြည့်နေနိုင်ပါတော့သည်။

"ဇူးဇူးဝင့်ထည်က သူကြည့်ချင်တဲ့ကားရှိတယ်တဲ့။ ရုပ်ရှင် အတူကြည့်ချင်လား"

"ရုပ်ရှင်ကြည့်ရတာ ဝါသနာမပါဘူး"

"ပြီးရော"

"မင်းဘုန်းသန့်.. နားနေတာကြာလှပြီ။ လာတော့လေ"

"လာပြီ"

သန့်စင်အောင်လှမ်းခေါ်၍ ထသွားသော မင်းဘုန်းသန့်ကို ကြည့်နေသည့် အံ့မင်းထည်၏ အပြုံးကြီးကတော့ လျှို့ဝှက်လှပေစွ။ မကောင်းဆိုးဝါးအငွေ့အသက်များပင် လျှို့ဝှက်ကိန်းအောင်းနေသယောင်။

******

ပန်းနုရောင်ဝမ်းဆက်လေးကို ခေတ်ဆန်ဆန်လေး ဝတ်ဆင်ထားပြီး ပခုံးအောက်လျှောကျနေသည့် ဆံနွယ်များနှင့် လှပသည့် မိန်းကလေးတစ်ဦး။ မိန်းကလေးနှင့်အတူ ရှိနေသည်ကတော့ အနက်နှင့်အပြာရင့် အကွက်စိပ်ရှပ်လက်တိုလေးကို ပုဆိုးလေးနှင့် တွဲဖက်ဝတ်ဆင်ထားသည့် ယောကျ်ားလေးတစ်ဦး။ နှစ်ဦးလုံးမှာ အသက်တစ်ဆယ့်ခုနစ်နှစ်၊ တစ်ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက်များဖြစ်ပြီး ငယ်မူငယ်သွေးကြွကာ လန်းဆန်းတက်ကြွနေကြသည့် အရွယ်ဖြစ်သည်။ နံနက်ခင်းနေရောင်ခြည်အောက်က လတ်ဆတ်လှသည့် ရှုခင်းလေးသဖွယ်ဖြစ်နေသည်။

ကောင်မလေးသည် လွယ်အိတ်ထဲမှ နှစ်ယောက်စာရုပ်ရှင်လက်မှတ်လေးကို ထုတ်လိုက်ပြီး ကောင်လေးကို ပေးလိုက်သည်။

"မနေ့က စင်တာကို ဈေးဝယ်သွားရင်းနဲ့ တစ်ခါတည်း လက်မှတ်ဝယ်လာလိုက်တာ"

"ဒါဆို ကြည့်ရတော့မှာပေါ့"

မင်းဘုန်းသန့်သည် ဇူးဇူးဝင့်ထည်ပေးသည့် လက်မှတ်လေးကိုကြည့်၍ အကျေနပ်ကြီး ကျေနပ်နေသည်။ ဇူးဇူဝင့်ထည်လက်မှတ်ဖြတ်လာသည့်ဇာတ်ကားမှာ သူတို့နှစ်ယောက်လုံး စောင့်မျှော်နေသည့် ဇာတ်ကားဖြစ်သည်။ ဤရုပ်ရှင်ဇာတ်ကားရုံတင်လျှင် ဇူးဇူဝင့်ထည်နှင့်သူ အတူတူသွားကြည့်ကြမည်ဟု ပြောထားဖူးသည်။

"လက်မှတ်တွေက မနေ့ကမှ စရောင်းတာ။ ရောင်းတဲ့နေ့ရအောင် ဝယ်နိုင်တာ တော်လိုက်တာ"

"အင်း တကယ်တော့ လက်မှတ်ဝယ်လို့ရတဲ့နေ့ ရွေးသွားလိုက်တာ"

"ကျေးဇူးပဲဟာ။ နင်သွားလိုက်တော့ ငါသွားစရာမလိုတော့ဘူးပေါ့။ မဟုတ်လည်း ငါလည်း ဒီညနေ သွားမလို့ပါပဲ"

"အင်း အခုတော့ နင်သွားစရာမလိုတော့တာပေါ့"

လက်မှတ်ကိုကြည့်၍ သဘောကျနေသော မင်းဘုန်းသန့်ကိုကြည့်၍ ဇူးဇူးဝင့်ထည် ပြုံးလိုက်ပြီး...

"ဒါဆို ငါ သွားတော့မယ်နော်"

"အင်း"

ဇူးဇူးဝင့်ထည် ထွက်သွားသည်နှင့် မင်းဘုန်းသန့်လည်း အဝေးမှ ရပ်စောင့်နေသည့် အံ့မင်းထည်ဆီသို့ ပြန်လာခဲ့သည်။ အံ့မင်းထည်ကတော့ အမေးနှင့် ဆီးကြိုသည်။

"ဘာတွေ ပေးနေတာလဲ"

မေးလည်းမေး မင်းဘုန်းသန့်လက်ထဲက ရုပ်ရှင်လက်မှတ်ကိုလည်း ယူကြည့်လိုက်သည်။

"ဒီတော့ မင်းတို့က ရုပ်ရှင်သွားကြည့်ကြမလို့ပေါ့"

"အေး"

"မတရားဘူး။ ငါကျ မလိုက်ရဘူး"

"ငါမင်းကို ပြောတယ်လေ။ ဇူးဇူးဝင့်ထည်ကြည့်ချင်နေတဲ့ကားရှိတယ်ပြောတော့ မင်းပဲ ဝါသနာမပါဘူးလေး ဘာလေး ပြောပြီးတော့"

"အခု ဝါသနာပါပြီ။ ငါလည်း လိုက်မယ်"

"လိုက်ချင် လက်မှတ်ဝယ်လိုက်ပေါ့"

"မင်းတို့နဲ့ တစ်ရက်တည်း မရရင်ရော။ ရရင်တောင် မင်းတို့ကျ အတူထိုင်ကြည့်ပြီး ငါကျ တစ်ယောက်တည်းလား"

"ဒါကတော့ မင်းအပြစ်နဲ့မင်းလေ။ ရတဲ့နေရာက ကြည့်ရမှာပေါ့"

"ရက်တူရအောင် ဝယ်လိုက်မယ်။ မင်းနေရာ ငါ့ပေး"

"ဘာဆိုင်လို့လဲ။ ငါက ဇူးဇူးဝင့်ထည်နဲ့ကြည့်မှာ"

"ငါတစ်ယောက်လုံးရှိနေတာကို မင်းက သူနဲ့ထိုင်ချင်သေးလို့လား။ သူများတွေကြား ကန့်လန့် ကန့်လန့် ပါချင်လို့လား"

"အဲလောက်တောင်ဖြစ်နေရင်လည်း ဖွင့်ပြောလိုက်တော့ပေါ့လား။ ဒါဆို မင်းတို့ကြား ဘယ်သူမှ မဝင်တော့ဘူး"

မင်းဘုန်းသန့် အံ့မင်းထည်လက်ထဲမှ ရုပ်ရှင်လက်မှတ်ကို ပြန်ယူပြီး လွယ်အိတ်ထဲ ထည့်သိမ်းလိုက်သည်။ အံ့မင်းထည်ကတော့ မင်းဘုန်းသန့်လုပ်သမျှ စေ့စေ့ကြည့်နေပြီး...

"ဖြစ်နိုင်ရင် ဖွင့်ပြောလိုက်ချင်ပြီ။ ဒါပေမဲ့ ငါ့ဘက်က သေချာချင်သေးလို့။ ပြီးတော့ ချစ်သူတွေဖြစ်ရုံတင်မဟုတ်ဘဲ တစ်ဘဝလုံး လက်တွဲသွားချင်လို့။ အဲဒါကြောင့် ငါမသိသေးတဲ့အရာတွေကို မင်းက ငါ့ကို လေ့ကျင့်သင်ကြားပေး"

"မင်းလိုကောင်ကိုလား"

မင်းဘုန်းသန့်က ရွဲ့မေးတော့ အံ့မင်းထည်ကာ ရိုးသားသည့် ဖိုးသခွားလေးလို ခေါင်းညိတ်ပြသည်။

"သူ့အလိုလို တတ်သွားလိမ့်မယ်"

"မင်းက အတွေ့အကြုံရှိလို့လား"

"ဘယ်ရှိမလဲ။ ဒါပေမဲ့ အဲလောက်တော့ ငါလည်း သိပါတယ်။ အချစ်နဲ့တွေ့ရင် တချို့အရာတွေက အလိုလိုဖြစ်လာ၊ တတ်လာတာတွေပဲ"

"မင်းဘုန်းသန့်.. ငါ့ကို ကူညီ"

ရုတ်တရက်ကြီး လေးနက်တည်ကြည်စွာပြောလာသည့် အံ့မင်းထည်။

"ဘာကူညီရမှာလဲ"

"သူနဲ့ ချစ်သူတွေဖြစ်ရင် ငါ့ဘက်က ချစ်သူကောင်းတစ်ယောက်ဖြစ်အောင် အစမ်းကြိုလေ့လာထားချင်တယ်။ မင်း ငါ့ချစ်သူအဖြစ် ကူညီပေး။ ငါ့ကို လေ့ကျင့်ပေး"

"သောက်ရူး"

မင်းဘုန်းသန့်က ရှေ့မှထွက်သွားတော့ အံ့မင်းထည်က နောက်ကလိုက်၍ ဂျီသည်။ ပခုံးကိုဖက်ရန်လည်း သူ့မမေ့။

"နော်ကွာ။ ဇူးဇူးအတွက် ချစ်သူကောင်းတစ်ယောက်ဖြစ်အောင် ငါ့ကို လေ့ကျင့်ပေးကွာ။ ငါ သူ့အတွက် ချစ်သူကောင်းတစ်ယောက်ဖြစ်ချင်တယ်။ ခုတွဲ ခုပြတ် တွဲပြတ်ကြီး မဖြစ်ချင်ဘူး။ ငါ့ကို ကူညီကွာနော်"

"မင်းလည်း ငါ့ကို ဇူးဇူးနဲ့ သဘောတူတယ်မလား။ မင်းပဲ အောင်သွယ်ပေးနေပြီးတော့။ ကူညီချင်းကူညီ ဇူးဇူဝင့်ထည်ကိုပဲ မကူညီဘဲ ငါ့ကိုလည်း ကူညီကွာနော်။ ငါ့ကိုကူညီတာလည်း သူ့ကို ကူညီတာနဲ့ အတူတူပဲကို"

"နော် နော် နော်လို့"

"ဟ ဒါမျိုးက လွယ်လွယ်နဲ့ ကူညီလို့ ရတာမဟုတ်ဘူး။ ဘယ်လိုကူညီရမလဲ ငါလည်း မသိဘူး"

"ငါကတော့ လွယ်မယ်ထင်တာပဲ။ တခြားချစ်သူစုံတွဲတွေ လုပ်သလို လိုက်လုပ်ကြည့်မယ်လေ။ ငါနဲ့ အဆင်ပြေမပြေပေါ့။ ငါလည်း အတတ်နိုင်ဆုံး ကြိုးစားမယ်။ မင်းက ငါ့ကိုအမှတ်ပေး။ အောင်မှတ်ရတဲ့နေ့ ဇူးဇူးကို ဖွင့်ပြောမယ်"

"မသိတော့ဘူးကွာ"

"မင်းပဲ ငါ့ကို ဇူးဇူးနဲ့ နီးစပ်စေချင်တာ မဟုတ်ဘူးလား။ အဲလောက်တော့ ကူညီပေးပေါ့ကွ။ ငါ့ကို အမှတ်ပေးရတာ ဘယ်လောက်ခက်လို့လဲ။ မင်းရဲ့ စိတ်ခံစားမှုအရ ပေးလို့ရတယ်"

"ဒါပေမဲ့ သူနဲ့ငါ မတူဘူးလေ။ ယောကျ်ားလေးနဲ့မိန်းကလေး ဘယ်လိုလုပ်တူမှာလဲ"

"ငါမြင်သလောက်တော့ မင်းနဲ့သူက သိပ်မကွာပါဘူး။ အကြိုက်ချင်းရော စိတ်နေစိတ်ထားတွေရော အမူအကျင့်တွေရော တော်တော်များများတူကြတယ်။ ကွာလည်း နည်းနည်းပေါ့ကွာ။ အဲဒီအခါကျ ငါ့ဘာသာငါ အဆင်ပြေအောင်ကြည့်လုပ်ပါ့မယ်။ အရင်ဆုံး လေ့ကျင့်ဖို့ကိုပဲ မင်းက ကူညီပေး။

... နော် နော် နော်"

"မရဘူးကွာ မရဘူး။ မကူညီနိုင်ဘူး"

"မင်းကလည်း သူငယ်ချင်းအချင်းချင်းကို ဒါလေးတောင် မကူညီနိုင်ဘူး"

"ဟ သူငယ်ချင်းကို မကူညီနိုင်တာ မဟုတ်ဘူး။ အဓိပ္ပာယ်မရှိလို့ ပြောနေတာ။ မင်းပြောသလို အမှတ်ပေးဖို့ဆိုတာ ငါက မင်းရည်းစားနေရာက ဝင်ခံစားရအုံးမှာ။ မဖြစ်နိုင်ဘူး"

"မင်း ငါနဲ့ဇူးဇူးကို သဘောမတူဘူးလား"

"မင်းက ဇူးဇူးနဲ့ရင်းနှီးတော့ သူ့အကြိုက်တွေကိုလည်း မင်းက သိမှာကွ"

"ငါကတော့ မင်းလက်မခံမချင်း ပြောနေမှာနော်"

"မင်းပဲ ငါနဲ့ဇူးဇူး ချစ်သူတွေဖြစ်သွားရင် တာဝန်တစ်ခုပြီးသွားသလိုပဲဆို"

ဤသို့ဖြင့် ဂျီကျသူနှင့် ငြင်းဆန်သူတို့ တစ်ပတ်တာ လွန်ဆွဲပြီးနောက် အံ့မင်းထည်၏ တဂျီဂျီကို ဒဏ်မခံနိုင်တော့သူက အရှုံးပေးလိုက်ရတော့သည်။

"အေးကွာ အေး အေး.. မင်းတို့ အဆင်ပြေမှ ငါလည်း အေးအေးဆေးဆေးနေရမှာ။ မြန်မြန်သာ အဆင်ပြေကြ"

"အား.... ငါ့သူငယ်ချင်းလေးက ချစ်ဖို့ကောင်းချက်"

မင်းဘုန်းသန့်ဆီမှ အဖြေရရချင်း ဝမ်းသာအားရ ဆွဲဖက်လိုက်သည့် အံ့မင်းထည်။ အဖက်ခံလိုက်ရသည့် မင်းဘုန်းသန့်မှာတော့ ခေါင်းကြီးမော့ ခန္ဓာကိုယ်ကြီးတောင့်ကာ မသက်မသာခံစားနေရသည်။

အံ့မင်းထည်ဆိုသည့်ကောင်...

မသိလျှင် သူတကယ်ကြိုက်နေသည့်ကောင်မလေးကပဲ အဖြေပြန်ပေးလိုက်သယောင်။

ရုပ်ရှင်လက်မှတ် တစ်ရက်တည်းမရ၍ ရုပ်ရှင်အတူလိုက်မကြည့်လိုက်ရသည်ကို အံ့မင်းထည် စိတ်ထဲမထားတော့ပါ။ ယခုဆို သူ့တွင် ချစ်သူလေးတစ်ယောက် ရှိနေပြီ မဟုတ်ပါလား။

မင်းဘုန်းသန့် အံ့မင်းထည်ကို တွန်းထုတ်လိုက်သည်။

"ဖယ်အုံး။ မသိရင် ကောင်မလေးက ပြန်ကြိုက်တာ ကျနေတာပဲ"

"ဘာဖြစ်လဲ။ ဒီတော့ ဒီနေ့က ငါတို့ ပထမဆုံးချစ်သူဖြစ်တဲ့နေ့လို့ သတ်မှတ်လိုက်မယ်။ ပထမဆုံးနေ့မှာ ဘယ်မှာ ဒိတ်ကြမလဲ။ ဘာလုပ်ကြမလဲ"

"ကျောင်းရောက်နေတာကို ဘယ်မှာဒိတ်ချင်သေးလို့လဲ။ အတန်းတက်ရမယ်လေ"

"ဒါဆို လက်လေးတော့ တွဲလို့ရတယ်မလား"

ပြုံးရိပ်သမ်းနေသည့် မျက်ဝန်းများနှင့် ခွင့်တောင်းလာသူကို မင်းဘုန်းသန့် မျက်လုံးလှန်ကြည့်လိုက်သည်။

"မသိရင် တကယ်ရည်းစားတွေ ဖြစ်သွားတာကျလို့"

"မသိဘူးကွာ။ ငါကတော့ ရင်ခုန်နေတယ်"

ပြောပြောဆိုဆို ပခုံးပေါ်မေးတင်လာပါသည့် အံ့မင်းထည်။

အံ့မင်းထည်က အခု ဘာလို့ ကြောင်ပေါက်လေးနဲ့ တူနေရတာလဲ။

ရင်ခုန်တာမဟုတ်လျှင်တောင် သူလည်း အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်။ ညက တစ်ညလုံးလည်း စဉ်းစားပြီးပြီ။ စိတ်ကိုလည်း အသင့်ပြင်ထားသည်။ ဒါတောင် သူလည်း ယခု စိတ်လှုပ်ရှားနေသည်။

သူတို့ရပ်နေသည့်နေရာသည် လူမြင်ကွင်းမဟုတ်သော်လည်း အတန်းလစ်သည့် ကျောင်းသား၊ကျောင်းသူများ မကြာခဏ လာတတ်သည့်နေရာဖြစ်သောကြောင့် သူတို့နှစ်ယောက်ကို ယခုပုံစံအတိုင်း မြင်သွားလျှင် မကောင်းပေ။

မင်းဘုန်းသန့် အံ့မင်းထည့်ကျောကို ပုတ်လိုက်ပြီး...

"သွားအောင် သွားအောင် အတန်းသွားတက်ရအောင်"

ပြောလိုက်သည်နှင့် မေးတင်ထားရာမှ ဖယ်ကာ မင်းဘုန်းသန့်မျက်နှာကို ကြည့်လာသည့် အံ့မင်းထည်။ ထို့နောက် မင်းဘုန်းသန့်လက်လေးကို ဖွဖွထိလိုက်ပြီး...

"လက်ချင်းတွဲသွားရအောင်"

ထို့နောက် မင်းဘုန်းသန့်အဖြေကိုပင် မစောင့်ဘဲ လက်ချောင်းများယှက်ကာ မင်းဘုန်းသန့်လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

မင်းဘုန်းသန့်ကတော့ တွေးလိုက်သည်။

သူငယ်ချင်းတွေပဲလေ...။ သူနဲ့ငါ ဒီလိုတွဲသွားတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။

အမှန်တကယ်လည်း စာသင်ခန်းအနောက်ပေါက်မှ လက်ချင်းတွဲ၍ အတန်းထဲဝင်လာသည့် သူငယ်ချင်းနှစ်ယောက်ကို မည်သူကမျှ အထူးအဆန်းလုပ်၍ စိတ်မဝင်စားကြပါ။

ထို့အတူ စာသင်ချိန်တွင် တွဲယှက်ထားသည့် နောက်ဆုံးတန်းခုံအောက်မှ လက်နှစ်ဖက်ကိုလည်း မည်သူကမျှ သတိမထားမိခဲ့ကြပါ။

ဤသို့ဖြင့် အောင်သွယ်တော်မြားနတ်မောင်လေးနှင့် ဇာတ်လိုက်မင်းသားလေးတို့၏ ချစ်သူစဖြစ်သည့် ပထမဆုံးရက်လေးကို စာသင်ခန်းထဲတွင် လက်ချင်းတွဲ၍ ဖြတ်သန်းခဲ့ကြသည်။

"ငါတို့ တစ်နေရာရာသွားရအောင်"

Tutorial နောက်ဆုံးချိန်ပြီး၍ စာအုပ်များသိမ်းနေစဉ် အံ့မင်းထည်က မင်းဘုန်းသန့်ကို တိုးတိုးလေးကပ်ပြောလာသည်။

"ဘယ်သွားမှာလဲ"

"လိုက်သာလိုက်ခဲ့။ ငါစီစဉ်ပြီးပြီ"

လွယ်အိတ်ကို ဇစ်ပိတ်နေသည့် မင်းဘုန်းသန့်လက်များ တုန့်ခနဲရပ်သွားပြီး အံ့မင်းထည်ကို မော့ကြည့်လိုက်သည်။

"အံ့ဩသွားတာလား။ အထင်ကြီးသွားတာလား"

"တစ်နေကုန် ငါနဲ့အတူ ရှိနေတာပါ။ ဘယ်အချိန်က ဘယ်လိုစီစဉ်လိုက်တာလဲ"

အံ့မင်းထည်က လက်ထဲမှ ဖုန်းလေးကို လှုပ်ပြရင်း...

"ဖုန်းတစ်လုံးရှိရုံနဲ့ ဘာမဆိုဖြစ်တယ်"

ထို့နောက် မင်းဘုန်းသန့်လွယ်အိတ်ကို ကိုယ်တိုင်ဇစ်ပိတ်ပေးပြီး မင်းဘုန်းသန့်လက်ကိုဆွဲကာ အတန်းအပြင် ထွက်သွားတော့သည်။

ဆိုင်ကယ်ထားသည့်နေရာကိုရောက်တော့...

"မင်းဆိုင်ကယ် အရင်ပြန်ထားရအောင်။ ပြီးမှ ငါ့ဆိုင်ကယ်နဲ့သွားမယ်"

ဤသို့ဖြင့် မင်းဘုန်းသန့်ဆိုင်ကယ်ကို အလျင်ပြန်ထားရန် ဆုံးဖြတ်လိုက်ကြသည်။ မင်းဘုန်းသန့်သည် ကျောင်းနှင့်အိမ်မှာ တစ်မြို့တည်းဖြစ်သော်လည်း ကျောင်းတွင် အဆောင်လာနေသည့်ကျောင်းသားဖြစ်သည်။

"အဝတ်အစားလဲချင်သေးလား"

"အင်း အချိန်ရရင် ရေပါချိုးချင်သေးတာ"

"ရတယ်လေ။ မင်းသဘော"

အံ့မင်းထည်ကတော့ အလိုလိုက်တတ်သည့် ချစ်သူတစ်ယောက်နေရာက အပီအပြင် သရုပ်ဆောင်နေသည်။

မင်းဘုန်းသန့်က အဆောင်တံခါး သော့ဖွင့်လိုက်သည်နှင့် သူက မင်းဘုန်းသန့်အတွက် တံခါးဖွင့်ပေးသည်။ မင်းဘုန်းသန့် ရေချိုးနေချိန်တွင် စာကြည့်စားပွဲတွင်ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။

"သွားမယ်"

"ပြီးပြီလား"

"အင်း"

မင်းဘုန်းသန့်ကို လှည့်ကြည့်လိုက်တော့ ရေချိုးပြီးစ လန်းဆန်းမှုလေးကို ခံစားလိုက်ရသည်။ ဆံသားလေးများက စိုစွတ်နေပြီး ရေစက်လေးများလည်း ကျန်ရှိနေသေးသည်။

"ဆံပင်တွေ ရေစင်အောင်လည်း မသုတ်ဘူးကွာ"

ပြောပြောဆိုဆို တန်းပေါ်မှ တဘက်ကိုဆွဲယူကာ ဆံနွယ်များကို ဂရုတစိုက် ရေသုတ်ပေးနေသည်မှာ ဂရုစိုက်တတ်သည့် ချစ်သူတစ်ယောက်အနေနှင့် အသားကျနေသည့် အလေ့အကျင့်လေးတစ်ခုပမာ။ အောက်မှ ရေသုတ်ခံနေသည့် မင်းဘုန်းသန့်ကတော့ အံ့မင်းထည်မျက်နှာကို မော့ကြည့်ကာ...

"အံ့မင်းထည်.. ငါတို့ မသွားလို့ မရဘူးလား"

"မရပါဘူး။ ဒီနေ့က မင်းနဲ့ငါ ချစ်သူစဖြစ်တဲ့နေ့။ ငါ့ဘက်က လက်ဆောင်ကို ငြင်းခွင့်မရှိဘူး။ လက်ကို လက်ခံရမယ်"

"ငါတို့က တကယ့်ချစ်သူတွေမှ မဟုတ်တာ။ အဲလိုတွေ လုပ်နေဖို့ မလိုပါဘူး"

"လိုတာပေါ့ကွ။ မင်းအတွက် မလိုပေမဲ့ ငါ့အတွက် လိုတယ်လေ။ ငါ့ဘက်ကကြိုးစားရင် မင်းကလည်း အလိုက်သင့်လေး ပူးပေါင်းပေးရမှာပေါ့"

ဆိုင်ကယ်နောက်က ထိုင်လိုက်တော့လည်း နောက်က မင်းဘုန်းသန့်လက်ကိုယူပြီး သူ့ခါးကို ဖက်ခိုင်းထားသေးသည်။ မင်းဘုန်းသန့်ကတော့ ရယ်ချင်စိတ်တစ်ဝက်နှင့် တွေးမိနေပြီ။

အံ့မင်းထည်က သူတို့နှစ်ယောက်ကို တကယ့်ရည်းစားတွေလို့ တွေးနေတာတော့ မဟုတ်လောက်ပါဘူးနော်။

ချစ်သူလေးကို ဆိုင်ကယ်ပေါ်တင်ကာ လေဟုန်စီးနေရသည့် ခံစားချက်နှင့် အံ့မင်းထည်ကတော့ နောက်ကလူ ရယ်နေသည်ကို မသိ။ သူ့အတွေးနှင့်သူ စိတ်ကူးလေး ရွက်လွှင့်နေတော့သည်။

လေဟုန်စီးနေသည့်ဆိုင်ကယ်လေးသည် မြို့ထဲက မိန်းလမ်းမကြီးပေါ် ဖြတ်သွားသည်။ လှပသည့် မြေနီလမ်းလေးကို နှုတ်ဆက်သည်။ သစ်ပင်တန်းကြီးများ၏ အရိပ်ထဲ ပြေးဝင်သည်။ မြို့ပြင်ဘက်သို့ ဦးတည်သည်။ လယ်ကွင်းပြင်ကို လက်ပြခဲ့သည်။ မြစ်ရေပြင်ကို ပြုံးပြသည်။ မြစ်ကမ်းစပ်တွင် ရပ်တန့်လိုက်သည်။

"ရောက်ပြီ"

ဆိုင်ကယ်ကိုဒေါက်ထောက် သော့ခတ်ထားခဲ့ကာ ကမ်းစပ်ဆီသို့ လျှောက်လာကြစဉ် မင်းဘုန်းသန့်ကိုလက်ကို မထိတထိ ထိခတ်လာသည့် ခပ်နွေးနွေးလက်ချောင်းလေးများ။ မင်းဘုန်းသန့်က ခေါင်းငုံ့ကာပြုံးတော့ လက်ချောင်းပိုင်ရှင်က သွားတန်းညီညီများပေါ်သည်အထိ ပြုံးလိုက်ကာ မင်းဘုန်းသန့်လက်ဖဝါးကို မိမိရရ ဆုပ်ကိုင်လာသည်။ ချစ်သူဖြစ်သည့် ပထမဆုံးရက်တွင် အံ့မင်းထည် ပြောမပြတတ်အောင် ရင်ခုန်နေပါသည်။

မင်းဘုန်းသန့်က ကူညီလေ့ကျင့်ပေးနေသည် ဆိုသော်ငြားလည်း.....။

ကမ်းစပ်ရောက်တော့ တစ်ယောက်လက်ဖဝါးကို တစ်ယောက်က ဆုပ်ကိုင်ကာ ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ကြသည်။ ချစ်သူစဖြစ်သည့်နေ့တွင် ပြောစရာစကားမရှိကြ။ ချစ်သူစုံတွဲများ ဘာတွေပြောကြသည်လည်း သူတို့ မသိ။ လက်ချင်းတွဲ၍ လမ်းလျှောက်ရန်သာ သူတို့ လုပ်တတ်ကြပါသည်။

တိုက်ခတ်နေသည့် ညနေခင်းလေက ကောင်လေးနှစ်ယောက်၏ ဆံသားများကို တိုးဖွကျီစယ်သွားပြီး အင်္ကျီခါးစလေးများလည်း လေကြောင့် တဖတ်ဖတ်လန်နေကြသည်။

အံ့မင်းထည် မင်းဘုန်းသန့်လက်ကို ဆွဲထားပြီး မြစ်ပြင်ဘက်လှည့်ပြီး ရပ်တန့်လိုက်သည်။

ယခင်ကတော့ လေးယောက်အတူ သည်မြစ်သို့ရောက်လျှင် အင်္ကျီများဆွဲချွတ်ကာ မြစ်ထဲပြေးဆင်းကြသည်။ ရေကူးပြိုင်ကြသည်။ ရေငုပ်ပြိုင်ကြသည်။ ကောင်မလေးအဖွဲ့များနှင့်တွေ့လျှင် နောက်ပြောင်တတ်ကြသေးသည်။ ကလေးများနှင့် တွေ့လျှင်လည်း အတူဆော့ကြသေးသည်။ လေးယောက်ပေါင်း၍ ကလေးများသဖွယ် စိတ်ကြိုက်ဆော့ကစားပြီးမှ အိမ်ပြန်ကြသည်။

ယခုတော့ သူတို့နှစ်ယောက်တည်း လက်ချင်းတွဲထိုင်၍ ငွေရောင်ခြယ်လှိုင်းကလေးများနှင့် မြစ်ပြင်ကျယ်ကိုသာ ကြည့်နေကြသည်။ အသက်ရှင်လာသည့်သက်တမ်းတစ်လျှောက် အလှပဆုံး ငွေရောင်လှိုင်းကလေးများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ဆည်းဆာချိန်တွင်တော့ ပုစွန်ဆီရောင်ညနေခင်းနှင့် မြစ်ရေပြင်အလှကို ငေးမိသည်။ ဝတ္ထုစာအုပ်များနှင့် ရုပ်ရှင်ဇာတ်လမ်းများထဲတွင် ပါတတ်သည့် မြစ်ရေပြင်နှင့် ဆည်းဆာအလှကို ခံစားမိသည်။ လူဖြစ်လာသည့် တစ်ဆယ့်ရှစ်နှစ်တာတွင် ယနေ့မြင်ရသည့် ရွှေအိုရောင်ဆည်းဆာချိန်သည် အလှဆုံးဖြစ်သည်။

"သူများတွေ ချစ်သူစဖြစ်တဲ့နေ့မှာ ဘာတွေပြောကြလဲ မသိဘူးနော်"

"မသိဘူးလေ။ ငါက သိစရာမလိုဘူး။ မင်းပဲ သိအောင်လုပ်ရမှာ"

"အေးပါဟ"

အံ့မင်းထည်က တွဲထားသည့် မင်းဘုန်းသန့်လက်နှင့် သူ့လက်ကို အထက်အောက်တစ်လှည့်စီလှန်ကာ မင်းဘုန်းသန့်မျက်နှာကို စောင်းငဲ့ကြည့်လိုက်ပြီး...

"ဒါပေမဲ့ မင်းကြိုက်တာတွေတော့ ငါမှာထားတယ်"

"ဟုတ်လား၊ ဘာတွေလဲ"

"ရောက်လာရင် သိလိမ့်မယ်"

ပြောနေစဉ် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းက အသံမြည်လာတော့ အံ့မင်းထည်က ဖုန်းနံပါတ်ကို ကြည့်ကာ...

"လာနေပြီထင်တယ်"

အံ့မင်းထည်ဖုန်းပြောနေချိန် ဘေးမှ မင်းဘုန်းသန့်ကတော့ တလက်လက်တောက်ပနေသည့် မြစ်ရေပြင်ကိုသာ ငေးကြည့်နေသည်။

အံ့မင်းထည်က နောက်သို့လှည့်ကြည့်ရင်း ဖုန်းတစ်ဖက်ကလူကို သူတို့ရှိနေသောနေရာသို့ လမ်းညွှန်နေသည်။ ထို့နောက် အဝေးကလာနေသူကို ဖုန်းကိုင်ထားသည့်လက်ကို ဝေ့ယမ်းပြလိုက်ပြီး...

"ဒီမှာ ဒီမှာ"

ထို့နောက် နှစ်ယောက်သား ထသွားကြပြီး ပစ္စည်းလာပို့သည့်လူဆီမှ ပစ္စည်းများ ယူလိုက်သည်။ ကင်စားရန် အသားများနှင့် အသားကင်ရာတွင် အသုံးပြုရသည့် ပစ္စည်းအစုံအလင် ဖြစ်သည်။ မီးရှူးမီးပန်းများလည်း ပါသေးသည်။

ပစ္စည်းပို့သူပြန်သွားသည်နှင့် အံ့မင်းထည်က ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူသည့်မျက်နှာထားနှင့်...

"ဘယ်လိုလဲ.. ငါတော်တယ်မလား"

"အမှတ်ပြည့်"

မင်းဘုန်းသန့် လက်မအကြီးကြီး ထောင်ပြလိုက်သည်။

"ဇူးဇူးဝင့်ထည်တော့ မသိဘူး။ ငါကတော့ အမှတ်ပြည့်ပဲ ဟရောင်ရေ။ စကြတော့မလား"

ပြောပြီးသည်နှင့် အသားကင်ရန် ပြင်ဆင်တော့သည်။ အံ့မင်းထည်ကတော့ ရှေ့က ဦးဆောင်နေသော မင်းဘုန်းသန့်ကို လက်မောင်းနှစ်ဖက်မှ ကိုင်ကာ နောက်သို့ ဆွဲလိုက်သည်။

"နေနေ။ မင်းက ဒီတိုင်းရပ်ကြည့်နေ၊ ငါပဲ လုပ်မယ်"

"ရပါတယ်ကွာ။ အတူတူလုပ်တာပေါ့"

ပထမဆုံးအကြိမ် နှစ်ယောက်အတူ လုပ်စားဖြစ်သည့် အသားကင်က စီစဉ်သူ၏ မေတ္တာတရားကြောင့် အရသာရှိကာ အချဉ်ကလည်း အစပ်အဟပ်တည့်နေသည်။ အကင်စားပြီး ခေတ္တနားကြပြီးနောက် မီးရှူးမီးပန်းများ ပစ်လွှတ်ကြသည်။

ဘောင်းဘီကို ဒူးအထိခေါက်တင်ကာ မြစ်ရေစပ်ဆင်း၍ မီးပန်းများကို ပျော်ရွှင်စွာ ပစ်လွှတ်နေသည့် ကောင်လေးနှစ်ယောက်...။

မီးပန်းများကို တောက်ပသည့်မျက်ဝန်းလေးများနှင့် ငေးကြည့်နေသည့် မင်းဘုန်းသန့်နှင့် မင်းဘုန်းသန့်၏ မျက်ဝန်းများထဲမှ မီးပန်းများကို ပြန်ငေးကြည့်နေသည့် အံ့မင်းထည်။

မီးပန်းတွေ သည်လောက်လှကြောင်း၊ မီးပန်းကြည့်ရတာ သည်လောက်ပျော်စရာကောင်းကြောင်း သူ ပထမဆုံးအကြိမ် ခံစားမိခြင်းပင်။

"ပြန်ရအောင်။ အဆောင်ပိတ်သွားလိမ့်မယ်"

"အင်း။ အိမ်ပြန်ခါနီး တစ်ခါလောက်ဖက်ကြမလား"

"မလိုပါဘူးဟ။ အဲလောက်ကြီးလည်း အသေးစိတ်လိုက်လုပ်စရာ မလိုပါဘူး"

"အေးပါ"

အမြဲ သူ့ပခုံးပေါ်လက်တင်ထားသည့် အံ့မင်းထည်က ယခုမှ ဖက်ရန် ပြောနေသေးသည်။ မင်းဘုန်းသန့် ရယ်လည်း ရယ်ချင်သည်။ သို့သော် 'အင်းပေါ့လေ... အတွေးချင်းမှ မတူတာကို' ဟုသာ ဖြေတွေးလိုက်ပါသည်။

ဆိုင်ကယ်ပေါ်တက်လိုက်တော့ အံ့မင်းထည်က မင်းဘုန်းသန့်လက်ကိုဆွဲကာ သူ့ခါးကို ဖက်တွယ်စေလိုက်ပြန်သည်။

သည်အံ့မင်းထည်တော့ မတရားကြိုးစားနေပြီ။

အဆောင်ရှေ့ရောက်တော့လည်း အဆောင်ထဲဝင်တော့မည့်မင်းဘုန်းသန့်ကို လက်ကလေးဆွဲထားပြီး မခွဲနိုင်ဟန် လုပ်နေပြန်သည်။ သည်တစ်ကြိမ်တွင်တော့ မင်းဘုန်းသန့် တကယ်ရယ်ပါပြီ။

"ခွေးကောင် တော်ရုံပဲကောင်းတယ်။ မင်းက မင်းသားလုပ်ရမှာ။ လေ့ကျင့်နေတာနဲ့ မတူတော့ဘူး။ ပရို(Pro)အဆင့်ရောက်နေပြီ"

"အေးပါဟ။ သွားပြီ တာ့တာ"

"တာ့တာ။ ဆိုင်ကယ်လည်း ဂရုစိုက်မောင်းအုံး"

"အင်း"

အံ့မင်းထည့်ဆိုင်ကယ်လေး ထွက်သွားမှ မင်းဘုန်းသန့်လည်း အဆောင်ပေါ် တက်ခဲ့လိုက်သည်။

ချစ်သူဖြစ်သည့် ပထမဆုံးနေ့တွင် အံ့မင်းထည်က စာသင်ချိန်အချိန်တိုင်း သူ့လက်ကို တွဲထားသည်။ ဆိုင်ကယ်စီးလျှင် ခါးဖက်စေသည်။ လက်ချင်းတွဲ၍ လမ်းလျှောက်သည်။ မြစ်ကမ်းစပ်တွင် အသားကင်အတူလုပ်စားကြသည်။ မီးရှူးမီးပန်း ပစ်ဖောက်ကြသည်။ သူ့ကို အဆောင်ပြန်လိုက်ပို့တော့ မခွဲချင်သေးသည့် ကလေးလေးလို သံယောဇဉ်တွယ်နေသေးသည်။

ညအိပ်တော့လည်း 'good night. အိပ်မက်လှလှမက်ပါစေ' ဟု သတိတရ ဖုန်းဆက်ပြောပေးသေးသည်။

သည်လောက်ဆို အမှတ်နည်းနည်းတော့ ပေးလို့ရပြီ ထင်ပါသည်။ ဇူးဇူးဝင့်ထည်နှင့် ချစ်သူတွေဖြစ်လျှင် သည်ထက်ကောင်းအောင် လုပ်နိုင်မှာ သေချာသည်။ အမှန်ဆို အံ့မင်းထည်က လေ့ကျင့်ရန်တောင် မလိုအပ်သည့် လူတစ်ယောက်ပါ။ သူကသာ ဘာအတွေ့အကြုံမျှ မရှိသည့် အရိုင်းတုံးလေး မဟုတ်ပါလား။

သူရော.. ကောင်မလေးရှိလာလျှင် ထိုသို့လုပ်မည်လား။ ချစ်သူနှင့် ပထမဆုံးရက်ကို မည်သို့ဖြတ်သန်းမည်လဲ။

မင်းဘုန်းသန့် ဟက်ခနဲ တစ်ချက် လှောင်ရယ်,ရယ်လိုက်သည်။

သူ့တွင် ကောင်မလေးရှိလာစရာ အကြောင်းမှ မရှိတာ။

နောက်တစ်နေ့မနက်တွင်တော့ မနက်စောစောစီးစီး အံ့မင်းထည်က ဖုန်းဆက်လာသည်။

"ဘာလဲဟ စောစောစီးစီး"

"မောနီး ကိုကို။ ခုထိ မနိုးသေးဘူးလား"

အံ့မင်းထည်၏ 'ကိုကို' ခေါ်သံကြောင့် အိပ်မှုန်စုံမွှားဖြစ်နေရာမှ မျက်လုံးပြူးသွားကာ ထထိုင်မိလိုက်ရသည်။ အိပ်ချင်စိတ်တောင် ဘယ်ပျောက်သွားသည်မသိ။

"ဘာကိုကိုလဲ"

"ဟုတ်တယ်လေ။ ကိုကိုက ကျွန်တော့်ထက် သုံးရက်ကြီးတယ်ဆိုတော့ ကိုကိုပေါ့"

"တိတ်စမ်း"

"ဟုတ်ကဲ့ တိတ်လိုက်ပါပြီခင်ဗျ။ ကိုကို နိုးပြီလား ခင်ဗျ"

"မင်းကြောင့် နိုးသွားပြီ"

မင်းဘုန်းသန့်က မကျေနပ်သယောင်လေးပြောတော့ ဖုန်းတစ်ဖက်ခြမ်းက ရယ်သံလွင်လွင်လေး ပျံ့လွင့်လာသည်။

"နိုးရင်လည်း ထတော့။ မနက်စာ သွားစားမယ်။ ကျွန်တော် ကိုကို့အဆောင်ကို ထွက်လာပြီ"

"တော်စမ်း အဲဒီကိုကိုဆိုတာကြီးကို"

"ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော့်ထက် ခေါင်းတစ်လုံးစာပုပြီး အသက်သုံးရက်ပိုကြီးတဲ့ ကိုကိုခင်ဗျ"

ပြောပြီး ချက်ချင်းဖုန်းချသွားသည့် အံ့မင်းထည်က သူအဆဲခံရတော့မည်ဆိုတာ ကြိုသိနေသည်။

မနက်စာကို အတူစားကြပြီး တစ်ယောက်က အိမ်ပြန်၊ တစ်ယောက်က အဆောင်ပြန်ပြီး မင်းဘုန်းသန့် ကျောင်းသွားရန် အဆောင်အောက်ဆင်းလာချိန်တွင်တော့ သူ့ကိုစောင့်နေသည့် အံ့မင်းထည်ကို တွေ့လိုက်ရပြန်ပါသည်။ သူ့ကိုမြင်တော့ သွားတန်းညီညီများပေါ်သည်အထိ ရယ်ပြပြီး ဆိုင်ကယ်သော့ကိုင်ထားသည့်လက်နှင့် လက်ဝေ့ယမ်းပြသည်။

ဆိုင်ကယ်ပေါ်တွင် အံ့မင်းထည်ခါးကိုဖက်ကာ လိုက်ပါသွားသော မင်းဘုန်းသန့်ကို မည်သူကမျှ အံ့ဩတကြီး လိုက်ကြည့်မနေသကဲ့သို့ ကျောင်းရောက်၍ ဆိုင်ကယ်ပေါ်ကဆင်းသည့်အချိန်မှစ စာသင်ခန်းရှေ့ရောက်သည်အထိ မင်းဘုန်းသန့်လက်ကို ဆုပ်ကိုင်ထားသော အံ့မင်းထည်သည်လည်း မည်သူ့အတွက်မျှ အထူးတဆန်းဖြစ်မနေပါ။ သူတို့သည် အစဉ်အမြဲ ထိုသို့ပြုမူနေထိုင်တတ်ကြသည့် သူငယ်ချင်းနှစ်ယောက် မဟုတ်ပါလား။

သို့သော် ထူးဆန်းနေသည်ကတော့ ဇူးဇူးဝင့်ထည်ပေ။ အံ့မင်းထည်တို့ စာသင်ခန်းထဲဝင်လာကတည်းက တွဲထားသည့်လက်တစ်စုံကိုသာ စူးစူးစိုက်စိုက် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

နောက်ဆုံးအပေါက်ကဝင်နေကျ အံ့မင်းထည်သည်လည်း ယနေ့မှ ရှေ့တံခါးပေါက်မှ ဝင်ချင်နေသည်။

ဇူးဇူးဝင့်ထည်ကလည်း နောက်ဆုံးတန်းတွင် သူတို့ထိုင်သည်အထိ လိုက်ကြည့်နေသောကြောင့် မင်းဘုန်းသန့် မျက်နှာပူရပါသည်။ ထိုင်ရင်းနှင့် အံ့မင်းထည်ကို တိုးတိုးလေးပြောလိုက်သည်။

"ဇူးဇူးဝင့်ထည်က ကြည့်နေတယ်။ အတန်းထဲဝင်လာကတည်းက ကြည့်နေတာ"

"သဝန်တိုနေတာ နေမှာပေါ့"

"ငါတော့ ပါးကျိန်းတယ်။ အလိုလိုမှ စွာပါပေ့နဲ့"

"ကျိန်းစရာလား ကိုကိုရ။ ကျွန်တော်တစ်ယောက်လုံး ရှိနေတာကို။ ကျွန်တော်က ကာကွယ်ပေးမှာပေါ့"

'ကိုကို' အခေါ်ခံလိုက်ရပြန်သောကြောင့် မင်းဘုန်းသန့် အံ့မင်းထည်ကို မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။

"ဒါ ကျွန်တော့်ချစ်သူဖြစ်ရင်ရမယ့် အခွင့်ထူးတွေလေ။ ကိုကိုက ကျွန်တော့်ချစ်သူဆိုတော့ ကျွန်တော်က ကိုကို့ဘက်ကပဲ ပါမှာပေါ့"

စပ်ဖြဲဖြဲပြောနေသည့် အံ့မင်းထည်ကိုကြည့်ရင်း ဇူးဇူးဝင့်ထည်တို့အဖွဲ့ အပြင်ထွက်သွားသည်ကိုလည်း မျက်ဝန်းထောင့်မှ မြင်လိုက်ရသည်။ အတန်းထဲ ဆရာဝင်လာချိန်တွင်တော့ ဇူးဇူးဝင့်ထည်တို့လည်း ပြန်ဝင်လာကြသည်။

******

"ညနေကျ အားကစားရုံသွားရအောင်။ ငါ နေရာကြိုယူထားတယ်"

ကန်တင်းတွင် နေ့လယ်စာစားရင်း စိုးသူရက ပြောလာသည်။ စိုးသူရပြောသည့် အားကစားရုံဆိုသည်မှာ ကျောင်းအားကစားကွင်းမဟုတ်။ အခကြေးငွေပေး၍ ငှားရမ်းရသော အားကစားရုံဖြစ်သည်။ လေးယောက်လုံးမှာ ဘတ်စကက်ဘောကို ဝါသနာပါကြသောကြောင့် ကစားရုံသွားလျှင် ငှားရမည့်ကွင်း ငြင်းစရာမလို။ ဘက်စကတ်ဘောကွင်းကိုသာ ငှားလိုက်ရုံဖြစ်သည်။

"ငါမလိုက်ဘူး။ သွားစရာရှိတယ်"

"ဘာလဲ.. မင်းရဲ့ မပြီးဆုံးနိုင်တဲ့ တိုင်းရေးပြည်ရာတွေအတွက်လား"

သူတို့လေးယောက်တွင် အံ့မင်းထည်သည် အလုပ်အများဆုံးဖြစ်သည်။ ဘာတွေလုပ်နေမှန်း မသိသော်လည်း အလုပ်တော့ အင်မတန်ရှုပ်သည်။ ထို ဘာတွေလုပ်နေသည်ကို သူတို့သာ မသိသည်မဟုတ်။ အံ့မင်းထည်ကိုယ်တိုင်လည်း သိပေါ်မပုံချေ။ ဘာမှန်းမသိ ဝေလေလေ အလုပ်ရှုပ်နေသောသူ ဖြစ်သည်။

သို့သော် မင်းဘုန်းသန့်ကတော့ အမှန်အတိုင်း ဝင်ဖြေပေးလိုက်သည်။

"မဟုတ်ပါဘူး။ ညနေကျ ငါ့အမေခိုင်းထားတာရှိလို့ သူ့ကို အဖော်ခေါ်သွားမလို့။ ခဏလေးပါ၊ မကြာပါဘူး"

"ဪ..၊ ဒါဆို ငါတို့နှစ်ယောက် သွားနှင့်လိုက်မယ်လေ။ မင်းတို့ကိစ္စပြီးရင် လိုက်လာခဲ့ကြပေါ့"

"အင်း"

စိုးသူရ၏စကားကို သန့်စင်အောင်နှင့် မင်းဘုန်းသန့်က ခေါင်းညိတ်သဘောတူလိုက်ကြသည်။ အံ့မင်းထည်ကတော့ ခေါင်းညိတ်ရန် မအားသေးပေ။ သူ့ပင်လယ်စာထမင်းကြော်ထဲမှ ပြည်ကြီးငါးများကို မင်းဘုန်းသန့်ပန်းကန်ထဲသို့ ရွေးထည့်ပေးနေသောကြောင့်ဖြစ်သည်။

******

"ရော့"

"ဘာလဲ"

ဇူးဇူးဝင့်ထည်ပေးသည့် ဘူးလေးကို စူးစမ်းကြည့်ရင်း မင်းဘုန်းသန့်မေးလိုက်သည်။

"Facial mask တွေ။ မနေ့က ငါ skin care ဝယ်တုန်းက လက်ဆောင်ရလာတာတွေ။ နင့်ကိုသတိရတာနဲ့ ဒါတွေ ယူလာလိုက်တာ"

"ငါ့ကိုပေးတာလား"

"အင်း နင့်အတွက်ပေးတာ။ နင်သုံးဖို့"

"ဟုတ်လို့လား။ အကုန်လုံး ငါတစ်ယောက်တည်းအတွက်လား။ တစ်စုံတစ်ယောက်အတွက်ရော မပါဘူးလား"

"မသိဘူးဟာ။ လုပ်ချင်သလိုလုပ်"

အရှက်သည်းကာ ထွက်သွားသော ဇူးဇူးဝင့်ထည်ကိုကြည့်၍ မင်းဘုန်းသန့် ပြုံးမိသည်။ နှစ်ယောက်က ကြိုက်လည်းကြိုက်နေသည်။ တစ်ယောက်ကမှလည်း မပွင့်လင်းကြ။ တစ်ယောက်ယောက်ကသာ ဖွင့်ပြောလိုက်လျှင် အဆင်ပြေနေပြီဖြစ်သည့် ဆက်ဆံရေးကို ဟန်ဆောင်ကာမူပိုရင်း အချိန်ဆွဲနေကြသည်။

မင်းဘုန်းသန့် ဇူးဇူးဝင့်ထည်ကို ကြည့်နေစဉ် အဝေးမှ ရပ်ကြည့်နေသည့်အံ့မင်းထည်က မင်းဘုန်းသန့်အနားရောက်လာပြီး လက်ထဲက ခရမ်းရောင်လက်ဆောင်ဘူးလေးကို ဆတ်ခနဲဆွဲယူလိုက်သည်။

ထို့နောက် သူ့ကျောပိုးအိတ်ထဲသို့ ထည့်ပြီး ရှေ့က ထွက်သွားလေတော့သည်။

အကျင့်မကောင်းတဲ့အံ့မင်းထည်.. ငါ့အတွက်လည်း ပါတယ်ဆိုတာ မပြောလိုက်ရဘူး။

******

"ဇူးဇူးဝင့်ထည်"

ကျောင်းပိတ်ရက် သူငယ်ချင်းလေးယောက် အအေးဆိုင်ထိုင်နေကြစဉ် ဇူးဇူးဝင့်ထည်နှင့် သူငယ်ချင်းတစ်ယောက် ဆိုင်ထဲသို့ ဝင်လာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သည်နေ့မှ ဆိုင်တွင် လူပြည့်နေသည်။ နေရာရှာနေသည့် ဇူးဇူးဝင့်ထည်တို့ကို မြင်သည်နှင့် သန့်စင်အောင်က သူတို့ဝိုင်းတွင် ခုံနှစ်ခုံထပ်ယူကာ ဇူးဇူးဝင့်ထည်တို့နှစ်ယောက် လှမ်းခေါ်လိုက်သည်။

"မုန့်လာစားတာလား"

"အင်း ဟုတ်တယ်"

မင်းဘုန်းသန့်က ဇူးဇူးဝင့်ထည်ကို နှုတ်ဆက်လိုက်သည်။ ဇူးဇူးဝင့်ထည်နှင့် မင်းဘုန်းသန့် စကားပြောနေစဉ် အံ့မင်းထည်ကလည်း သူတို့နှစ်ယောက်ကို ကြည့်နေသည်။ ထို့နောက် ဆုံသွားကြသည့် အံ့မင်းထည်နှင့် ဇူးဇူးဝင့်ထည်၏ အကြည့်များ။ ဖလှယ်ခြင်းမမည်သည့် ကိုယ်စီအပြုံးယဲ့ယဲ့များ။

မှာထားသည်များ ရောက်မလာမီ စိုးသူရ၊ သန့်စင်အောင်နှင့် မင်းဘုန်းသန့်တို့က မနေ့ညက ဘတ်စကတ်ဘောပွဲအကြောင်း ပြောနေကြသော်လည်း ဇူးဇူးဝင့်ထည်ကတော့ မင်းဘုန်းသန့်၏ လက်ကိုယူကာ စိတ်တိုင်းကျ ဆော့ကစားနေသည့် အံ့မင်းထည်၏လက်ကို စိုက်ကြည့်နေသည်။ တစ်ယောက်ကလည်း ဘာမှမဖြစ်သလို ငြိမ်ခံနေသည်မှာ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို အလိုလိုက်ထားသည့်နှယ်။ တစ်ယောက်ကလည်း သူများလက်ကိုယူကာ ပျော်ပျော်ကြီးကို ဆော့ကစားနေသည်။ တစ်ဦးနှင့်တစ်ဦး သက်သောင့်သက်သာနှင့် နေသားတကျ ရှိလွန်းလှသည်။

******

"နောက်အချိန် ဌာနမှူးအချိန်ပြီးရင် လစ်ရအောင်"

"အင်း"

စိုးသူရစကားကို သန့်စင်အောင်က ထောက်ခံလိုက်သည်။

"ဟိုနှစ်ကောင်.. မင်းတို့လည်း လစ်မှာမလား"

"အေး။ ဒါပေမဲ့ ငါတို့က သွားစရာရှိတယ်"

"ဘယ်သွားမှာလဲ"

မေးနေသည်ကို ပြန်မဖြေဘဲ ကြိတ်ပြုံးနေသည့် အံ့မင်းထည်ကို စိုးသူရလည်း ဆက်မပေးတော့ပါ။ အံ့မင်းထည်က မေးလည်း ဖြေချင်မှ ဖြေသည့် လူစားမျိုးပင်။

ဒုတိယချိန်အပြီးတွင်တော့ အံ့မင်းထည်ဆွဲခေါ်ရာသို့ မင်းဘုန်းသန့် ပါသွားတော့သည်။

"ဘယ်သွားမှာလဲ"

"ကိုကိုဘယ်သွားချင်လဲ"

"မင်းဘယ်သွားချင်လဲ"

"ကျွန်တော်ကတော့ ကိုကိုနဲ့သာဆို ဘယ်ပဲသွားရသွားရ"

ပြောပြီးသည်နှင့် ဆိုင်ကယ်ထားသည့်နေရာအထိ လက်ဆွဲပြေးသွားသည့် အံ့မင်းထည်နောက် မင်းဘုန်းသန့် အပြေးလေး ပါသွားရတော့သည်။

ထိုနေ့က လက်ရှည်အင်္ကျီအပြာရောင်လေး ဆင်တူဝတ်ကာ နံနက်ခင်း ၁၀ နာရီနေရောင်အောက်တွင် ဆိုင်ကယ်တစ်စီးနှင့် မြို့ပတ်ခဲ့ကြသည်။ ညနေမှသာ တစ်ယောက်ကို အဆောင်ပြန်ပို့ပြီး တစ်ယောက်က အိမ်ပြန်သွားခဲ့သည်။

******

ချစ်သူစဖြစ်သည့်နေ့မှစ၍ နေ့စဉ်နေ့တိုင်း ကျောင်းသွားလျှင် အံ့မင်းထည်ကသာ လာခေါ်ပြီး အဆောင်ပြန်လျှင်လည်း အံ့မင်းထည်ကသာ ပြန်လိုက်ပို့သည်။ ယခင်က ကျောင်းဆင်းလျှင် ဘယ်ရောက်လို့ ဘယ်ပျောက်သွားတတ်သည်မသိသည့် အံ့မင်းထည်တစ်ယောက် ယခုဆို အိမ်ပြန်ချိန်တိုင်း မင်းဘုန်းသန့်နောက် တကောက်ကောက် လိုက်ကပ်ကာ ခွာမရတော့ပြီ။ မင်းဘုန်းသန့်သည် အံ့မင်းထည်၏ လူသားသံလိုက်လေး ဖြစ်နေပါပြီ။ ညနေခင်းတွင်လည်း နှစ်ယောက်အတူ အပြင်ထွက်ကြသည်။ သူ့အိမ်သို့ ပြန်လျှင်လည်း ခဏပင်။ မကြာမီ မင်းဘုန်းသန့်အဆောင်သို့ ပြန်ရောက်လာပြန်သည်။ ကျောင်းပိတ်ရက်တွင်တောင် မင်းဘုန်းသန့်အနား ကပ်နေပါသေးသည်။

"ကိုကို"

နှစ်ယောက်တည်းရှိချိန်တိုင်း ကိုကိုခေါ်တတ်သူကို မင်းဘုန်းသန့် လေကုန်ခံ၍ မတားတော့ပါ။

သူဘယ်လောက်ကြာကြာ ခေါ်နိုင်မှာလဲ။ ခေါ်စမ်း ကြိုက်သလောက်။

"ပြော"

"မနက်ဖြန် ရုပ်ရှင်သွားကြည့်အောင်။ ကိုကိုကြိုက်တဲ့ကားပဲ။ လက်မှတ်ဝယ်ပြီးပြီ"

"ငါ့လည်း မမေးဘဲနဲ့"

"ကိုကိုကြိုက်မှာ သေချာလို့လေ"

"မကြည့်ချင်ဘူးကွာ။ စာမေးပွဲက တစ်ပတ်ပဲ လိုတော့တာ"

"တစ်ပတ်ကြီးတောင် လိုသေးတယ်လေ။ ကြည့်မယ်ကိုကိုရာ နော်"

"မင်းပဲ အရင်ကတော့ ရုပ်ရှင်ကြည့်ရတာ ဝါသနာမပါဘူးဆို"

"ဟုတ်တယ်လေ။ ဒါပေမဲ့ ကိုကိုနဲ့မလို့ ကြည့်ချင်တာလေ။ နော် ကိုကိုနော်။ နော်လို့ ကိုကိုနော်"

လူကိုဖက်တွယ်ကာ မျက်နှာငယ်လေးနှင့်ချွဲနေသော အံ့မင်းထည်ကို နောက်ဆုံးတွင်တော့ မင်းဘုန်းသန့် အလျှော့ပေးလိုက်တော့သည်။

"ပြီးရောကွာ၊ ကြည့်မယ်"

"သိသားပဲ။ ကျွန်တော်တောင်းဆိုရင် ကိုကိုမငြင်းနိုင်ဘူးဆိုတာ"

အံ့မင်းထည်သည် ထိုသို့လည်း သူ့ကိုယ်သူ အထင်ကြီးတတ်ပြန်ပါသေးသည်။ မင်းဘုန်းသန့်အကြိုက်ကို သူသိပ်သိသလို လုပ်တတ်သည်။ အမှန်တကယ်လည်း သိတတ်နေ၍ သူ့ကိုယ်သူ အထင်ကြီးခြင်းကို အပြစ်တော့ မဆိုသာပါလေ။

သူသည် မင်းဘုန်းသန့်၏ အားသာချက်၊ အားနည်းချက်အပေါင်းကို အရည်ကျိုသောက်ထားသူ မဟုတ်ပါလား။

နွေးထွေးမှုနှင့် ဂရုစိုက်ပေးခြင်းကိုကြိုက်သည့် မင်းဘုန်းသန့်အတွက် နံနက်စာအဆင်သင့် ကြိုမှာထားတတ်သည်။ နေ့လယ်စာအတွက် ကိုယ်စားမှာပေးတတ်သည်။ ညစာကိုလည်း အပြင်တွင် အတူစားကြသည်။ အိပ်ချိန်သာ အိမ်ပြန်အိပ်ပြီး ကျန်အချိန်များတွင် မင်းဘုန်းသန့်အနားသာ ကပ်နေတတ်သည်။

နံနက်တိုင်း ဖုန်းဆက်၍ 'မောနီး' ပြောတတ်ပြီး ညအိပ်ရာဝင်လျှင်လည်း ဖုန်းဆက်ကာ 'ကောင်းသောည' ဟု နှုတ်ဆက်တတ်သေးသည်။ အွန်လိုင်းပေါ်မှ စကားပြောခန်းတွင် မင်းဘုန်းသန့်အတွက်သာ အချိန်ပေးထားသည်။

မင်းဘုန်းသန့်လို အခွင့်ထူးခံချင်လျှင် သူ့ချစ်သူဖြစ်မှ ရမည်။ ဒါမျိုးက သူ့အချစ်သူအတွက် အထူးသီးသန့်ဟူ၍လည်း မင်းဘုန်းသန့်အနား ကြောင်လေးလိုတိုးဝှေ့ကာ ချွဲနွဲ့ဂုဏ်ယူပြတတ်သေးသည်။

သို့သော် ဘောင်းဘီတိုတို၊ အင်္ကျီလက်တိုလေးနှင့် ရုပ်ရှင်သွားကြည့်ရန် အဆောင်အောက်ဆင်းလာချိန်တွင်တော့ ကိုကို့ကိုလည်း သူ ဆူငေါက်တတ်ပါသည်။

"ကိုကိုကဗျာ.. အအေးဒဏ်ခံနိုင်တာလည်း မဟုတ်ဘဲနဲ့ အတိုလေးတွေ ဝတ်လာတယ်"

"လက်ရှည်မေ့လာတာ။ အပေါ်ပြန်တက်ယူလိုက်မယ်"

"ရတယ် မယူနဲ့တော့။ တက်။ ချမ်းရင် ကျွန်တော်ဖက်ထားပေးမယ်"

အံ့မင်းထည် မည်သို့ပင် ဖက်ထားချင်ပါစေ။ မင်းဘုန်းသန့်ကတော့ အဖက်မခံခဲ့ပါ။ ထိုကြောင့် အံ့မင်းထည်၏ အင်္ကျီကိုသာ မဖြစ်မနေ တစ်ချက်လွှတ်အမိန့်နှင့် ယူဝတ်ထားလိုက်ရပါတော့သည်။

"မဖက်ထားရင် ချမ်းမှာပေါ့လို့။ ကြည့်ပါ့အုံး အခုတောင် အေးစိမ့်စိမ့်ဖြစ်နေပြီမလား"

"ရပါတယ်ကွာ။ ဘာမှမဖြစ်ပါဘူး။ ယောကျ်ားပါ"

သို့သော် ဇာတ်လမ်းတစ်ဝက်အရောက်တွင်တော့ မင်းဘုန်းသန့်တစ်ယောက် 'ယောကျ်ားလည်း ချမ်းတတ်သည်' ဖြစ်သွားပါတော့သည်။ ထိုစဉ် သူ့ပခုံးထက်ရောက်လာသည့် လွှမ်းခြုံမှုတစ်ခု။

"ကျွန်တော့်အင်္ကျီဝတ်ထား"

"မင်းကျရော"

"ကိစ္စမရှိဘူး။ ကျွန်တော်က အအေးကြိုက်တယ်"

"မင်းဝတ်ဖို့ ယူလာတာမလား။ မင်းပဲ ဝတ်ပါ"

"ဒီမှာ ကိုကို.. ဘာမှ အားနာနေစရာ မလိုဘူး။ ကျွန်တော်က ကိုကို့အတွက်ဆို အသက်တောင်ပေးဝံ့တာ။ ဒီလက်ရှည်လေးတစ်ထည်လောက်ကို ပြောမနေနဲ့။ ဝတ်ထားဆို ဝတ်ထားလိုက်"

"တော်ကြာ မင်း..."

"ကိုကိုဖျားရင် ကျွန်တော်ဝမ်းနည်းရလိမ့်မယ်"

ငြင်းဆန်မရသည့်အဆုံး မင်းဘုန်းသန့်တစ်ယောက် အံ့မင်းထည်အင်္ကျီကို ဝတ်လိုက်ရသော်လည်း မကြာမီ အံ့မင်းထည်က သူ့နားထဲသို့ တိုးတိုးလေး ကပ်ပြောလာပါသည်။

"ကျွန်တော့်ကို နည်းနည်းလောက် ဖက်ထားပေးလို့ရမလား"

'ကိုကို့အတွက် အသက်တောင်ပေးဝံ့သည်။ ကိုကိုဖျားလျှင် ကျွန်တော်ဝမ်းနည်းရလိမ့်မည်' ဟူသော အံ့မင်းထည်တစ်ယောက် ယခုတော့ ကိုကို့ရင်ခွင်တိုးဝင်ကာ ကိုကို့ပခုံးထက် ခေါင်းတင်ရင်း ကိုကို့ဆီမှ အနွေးဓာတ်ကို ကြည်ကြည်နူးနူး တိုးကပ်စုပ်ယူနေပါတော့သည်။

ရုပ်ရှင်ကြည့်ပြီး မင်းဘုန်းသန့်အဆောင်သို့ ပြန်လာကြသည်။ ညနေစောင်းတွင် နှစ်ယောက်သား ညစာအတူစားပြီး မင်းဘုန်းသန့်ကို အဆောင်ပြန်ပို့ပေးကာ အိမ်ပြန်သွားသော အံ့မင်းထည်သည် ညတွင်တော့ အသံသေးသေးလေးနှင့် ဖုန်းဆက်လာပါတော့သည်။

"ကိုကို.. ကျွန်တော်ဖျားနေပြီ"

"ဘယ်လိုဖြစ်တာလဲ"

"မသိဘူး။ အိမ်ပြန်ရောက်တော့ ရေချိုးပြီး နှာချေရင်းကနေ ကိုယ်တွေပူပြီး ဖျားသွားတာ"

"ဆေးသောက်ထားလား"

"အင်း သောက်ထားတယ်။ ဆေးခန်းလည်း သွားရတယ်။ ဆေးလည်း ထိုးရတယ်"

"ဟုတ်လား။ သက်သာရဲ့လား"

"စောစောလေးကမှ ဆေးသောက်ထားတာ ဘယ်လိုလုပ် သိသာအုံးမှာလဲ။ ညကျ တစ်ခါထပ်သောက်ရအုံးမယ်"

"အင်း ဘယ်ချိန်သောက်ရမှာလဲ"

"၁၂ နာရီ"

"နာရီမှာ alarm ပေးထား"

"ကိုကိုနှိုးပေးပါလားလို့.. ဟင်"

"နာရီ alarm ပေးထားလည်း အတူတူပဲလေကွာ။ ငါနှိုးပေးမယ်ဆိုမှ ငါမေ့နေရင် ဒါမှမဟုတ် ငါလည်း အိပ်ပျော်သွားရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော်ဖျားနေတယ်လေ ကိုကိုရာ။ ပြီးတော့ ကျွန်တော့်အထင် ရုပ်ရှင်ရုံထဲမှာ အအေးပက်လို့ ဖျားသွားတာ ထင်တယ်"

"အေးပါ။ ငါ့ကြောင့်ဖြစ်ရတာပါ။ ငါ တောင်းပန်ပါတယ်"

"ရပါတယ်။ ကိုကို တောင်းပန်စရာ မလိုပါဘူး။ တစ်ခုပဲ။ အခု အိမ်မှာ ဘယ်သူမှ မရှိတော့ ကျွန်တော်တစ်ယောက်တည်း အားငယ်နေတယ်"

အံ့မင်းထည့်အသံလေးက တကယ်ကို ကရုဏာသက်ချင်စရာ။

"လူကြီးတွေ မရှိဘူးလား"

"မရှိဘူး။ မနက်ကတည်းက ခရီးထွက်သွားတာ၊ သုံးရက်လောက်ကြာမယ်။ အိမ်မှာ အိမ်အကူအဒေါ်ကြီးလင်မယားနဲ့ ကျွန်တော်ပဲကျန်ခဲ့တာ"

"ဟုတ်လား။ နေ့လယ်က တွေ့တာ ပြောတော့မပြောဘူး။ ဒါဆို အခု အဲဒီအဒေါ်ကြီးလင်မယားကို မင်းဖျားနေတဲ့အကြောင်း ပြောထားတယ်မလား။ သူတို့..."

"ကိုကို.. ကျွန်တော်ဖျားနေတယ်လေဗျာ.."

စိတ်မရှည်တော့သည့် စိတ်ပျက်သွားဟန် စိတ်ကောက်သံလေးကြောင့် မင်းဘုန်းသန့် ပြုံးမိရပါသည်။

"ဒါဆို ငါလာခဲ့ရမလား"

"ဟုတ် လာခဲ့။ ကျွန်တော်လာခေါ်ရမလား"

"ရပါတယ်။ မင်းက ဖျားနေတာပဲ။ ငါပဲ လာခဲ့ပါ့မယ်"

"ဟုတ် ကိုကို။ အဝတ်အစားကို နှစ်ရက် သုံးရက်စာလောက် ထည့်ခဲ့နော်။ စာကျက်ဖို့ စာအုပ်တွေရော ယူခဲ့"

"အေးပါ။ ငါ ခဏနေ ထွက်ခဲ့မယ်"

"ဟုတ် ကိုကို"

တစ်ဟုတ်ဟုတ်နှင့် သိပ်ကို လိမ္မာနေသည့် အံ့မင်းထည်ပါလေ။ တစ်ညလုံးလည်း ဖျားတာကနည်းနည်း ချွဲတာက များများနှင့် မင်းဘုန်းသန့်အနား ကြောင်လေးလို ကပ်နေပါတော့သည်။ နောက်နေ့တွင် အဖျားကျသွားသော်လည်း ချွဲသည့်အရှိန်ကျတော့ နည်းနည်းလေးမျှ ကျမသွားချေ။

"ကိုကို ဘယ်သွားမလို့လဲ"

စာကြည့်စားပွဲသို့ ထသွားသည့် မင်းဘုန်းသန့်ကို ခုတင်ပေါ်တွင် အုံးတားကိုကျောမှီကာ ခြေဆင်းထိုင်နေသည့် အံ့မင်းထည်က မေးလိုက်သည်။ စတီဗင်ဟော့ကင်းပေါက်စလေးက စာအကြာကြီးကျန်ရန် မလိုသော်လည်း မင်းဘုန်းသန့်ကတော့ စာကြည့်ရဦးမည်။

"ငါ စာကြည့်အုံးမယ်။ စာမရသေးဘူး"

"ကိုကို.. ကျွန်တော် နေမကောင်းသေးဘူးလေဗျာ"

မျက်နှာငယ်လေးနှင့်ဆိုလာသူကို သနား၍ သက်ပြင်းချကာ ခုတင်ပေါ်ပြန်တက်လိုက်တော့ လူကို အတင်းဆွဲလှဲချကာ လက်မောင်းကိုယူ၍ ခေါင်းအုံးလာသည်။

"ခေါင်းကိုက်တယ်"

ကျန်လက်တစ်ဖက်ကိုယူကာ ခေါင်းပေါ်တင်ပေးတော့ အလိုက်တသိ နှိပ်နှယ်ပေးရသေးသည်။

ဒါလေးက သူသိခဲ့သည့် အံ့မင်းထည်မှ ဟုတ်ပါလေစ။

မင်းဘုန်းသန့်သည် မျက်လုံးမှိတ်ထားသူ၏ ငယ်ရွယ်နုပျိုသည့် မျက်နှာချောချောလေးကိုသာ ငေးကြည့်နေသည်။

အံ့မင်းထည်...။

တက္ကသိုလ်ပထမနှစ်မှာပင် သူ့ဘဝထဲသို့ သူငယ်ချင်းအဖြစ် ဝင်ရောက်လာသည့် အံ့မင်းထည်။

လေးယောက်အဖွဲ့တွင် သူ့ကိုသာ တွယ်ကပ်တတ်ပြီး သူ့ကိုသာ အခင်ဆုံးဖြစ်သည့် အံ့မင်းထည်။

ကောင်မလေးတစ်ယောက်အတွက် ချစ်သူကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားနေသည့် အံ့မင်းထည်။

ယခုဆို အံ့မင်းထည်က ချစ်သူကောင်းတစ်ယောက်ဖြစ်သည့်အပြင် လက်မလွှတ်ချင်စရာကောင်းသည့် ကောင်လေးတစ်ယောက်လည်း ဖြစ်ကြောင်း သူကိုယ်တိုင် သိရှိခံစားနေမိပြီ။

"အံ့မင်းထည်"

"ဟင်"

"မင်း ဇူးဇူးဝင့်ထည်ကို ဘယ်တော့ဖွင့်ပြောမှာလဲ"

"မသိဘူး။ ဘယ်တော့ပြောရမလဲ"

"မင်းစဉ်းစားထားတာ မရှိဘူးလား"

"မရှိဘူး။ ဘယ်တော့ပြောလိုက်ရမလဲ။ စာမေးပွဲနောက်ဆုံးနေ့လား"

"ဘာလို့ နောက်ဆုံးနေ့လဲ"

"အငြင်းခံရလည်း နောက်နေ့တွေ့စရာမလိုတော့ မျက်နှာမပူရတော့ဘူးပေါ့။ ကျောင်းတွေပြန်ဖွင့်ရင်လည်း အဲဒီကိစ္စ မရှိသလို နေလိုက်လို့ရပြီ"

အံ့မင်းထည်ကတော့ ထုံးစံအတိုင်း သူ့စိတ်ကူးနှင့်သူ ဟုတ်နေတာပင်။

"အံ့မင်းထည်"

မင်းဘုန်းသန့် တိုးတိုးလေး ခေါ်လိုက်သည်။

"ဟင်"

"ငါဖက်ထားလို့ရမလား"

"ဘာတွေလာခွင့်တောင်းနေတာလဲ။ ကျွန်တော်က ကိုကို့အပိုင်။ ကိုကိုသေဆိုသေ ရှင်ဆိုရှင်မယ့်ကောင်ပါဗျ။ ဒီလောက်ကို ခွင့်တောင်းနေစရာမလိုပါဘူး"

ပြောပြီးသည်နှင့် ခေါင်းပေါ်မှ မင်းဘုန်းသန့်လက်ကိုယူကာ သူ့ခါးပေါ်တင်ပေးလိုက်ပြီး ကိုယ်တိုင်ကလည်း မင်းဘုန်းသန့်ခါးကို ဆွဲဖက်လိုက်သည့် အံ့မင်းထည်။

မင်းဘုန်းသန့်ကတော့ လည်တိုင်ထက်တိုးဝှေ့လာသည့် အံ့မင်းထည်ခေါင်းလေးပေါ် ပါးအပ်ကာ သူမပိုင်ဆိုင်နိုင်တော့မည့် နွေးထွေးမှုလေးကို ခံစားနေရှာသည်။

ငါမပိုင်ဆိုင်နိုင်တဲ့ ကြယ်ကလေး

တခြားကောင်းကင်မှာ

လင်းလက်နေပါ...။

အံ့မင်းထည်တစ်ယောက် တတိယနေ့နံနက်တွင်တော့ လန်းလန်းဆန်းဆန်းနှင့် နိုးလာသည်။ သို့သော် အကြောင်းပြချက်ပေါင်းစုံနှင့် မင်းဘုန်းသန့်ကို အဆောင်ပြန်ခွင့်မပေးဘဲ သူ့မိဘများပြန်လာသည်အထိ အိမ်တွင် အတူနေခိုင်းထားသည်။

နောက်ငါးရက်အကြာတွင် ပထမနှစ် ဒုတိယနှစ်ဝက်စာမေးပွဲ ဖြေဆိုရသည်။ တစ်ယောက်တည်း စာကြည့်ချင်သည်ဆိုသည့် အကြောင်းပြချက်နှင့် သူ့ကို အနားကပ်ခွင့်မပေးသော မင်းဘုန်းသန့်ကို အံ့မင်းထည်က နားလည်မှု အပြည့်အ၀ ပေးထားသည်။

သို့သော် စာမေးပွဲနောက်ဆုံးနေ့တွင် မင်းဘုန်းသန့် အစောကြီးပြန်သွားလိမ့်မည်ဟု၊ ထိုနေ့မှစ၍ မင်းဘုန်းသန့်၏ အရိပ်အယောင်ကိုတောင် မမြင်နိုင်တော့မည်ဟု၊ မင်းဘုန်းသန့်တစ်ယောက် ဒုတိယနှစ်တွင် တခြားမြို့က တက္ကသိုလ်သို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု၊ သူတို့မြို့သို့ ဘယ်သောအခါမျှ ပြန်မလာတော့မည်ဟု အံ့မင်းထည်တစ်ယောက် ကြို၍ သိခဲ့ပါလျှင်...။

ငါးနှစ်သာ ကြာသွားသည်။ မင်းဘုန်းသန့်သည် အံ့မင်းထည်ရှိရာ ရပ်ဝန်းတွင် အရိပ်အယောင်မျှပင် ပေါ်မလာခဲ့ပါချေ။

******

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်။

ဟောလိုးဝင်းပွဲတော်ည။

တစ်ချိန်က မြားနတ်မောင်လေးတစ်ယောက်က မျက်နှာအပေါ်ပိုင်းတစ်ဝက်ပဲဖုံးတဲ့ မျက်နှာဖုံးကိုတပ်ပြီး လမ်းမပေါ်က လူအများကြီးထဲမှာ ရောနှောနေတယ်။ လူအုပ်ကြီးထဲမှာတော့ တချို့က မျက်နှာကို သရဲတစ္ဆေပုံတွေ ဆေးရောင်ခြယ်ထားတယ်။ တချို့ကျ သွေးစုတ်ဖုတ်ကောင်လို မိတ်ကပ်လိမ်းထားတယ်။ တချို့ကျလည်း မြားနတ်မောင်လေးလိုပဲ မျက်နှာဖုံးတပ်ထားတယ်။ တချို့ကျတော့လည်း တခြားသောပုံစံတွေနဲ့ လူအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ပြင်ဆင်ထားကြတယ်။

ဒါပေမဲ့ မြားနတ်မောင်လေးမှတ်မိနေတဲ့ အမျိုးသမီးလေးတစ်ယောက်ကတော့ မျက်နှာပေါ်မှာ ဘာဆေးရောင်မှ လိမ်းခြယ်မထားဘဲ မိတ်ကပ်ပါးပါးလေးသာ ခြယ်သထားတယ်။ ပြီးတော့ ဘေးက အမျိုးသားလေးရဲ့လက်မောင်းကိုလည်း တွဲခိုထားသေးတယ်။ အမျိုးသားလေးကလည်း သူ့လက်မောင်းကို တွဲခိုထားတဲ့ အမျိုးသမီးလေးရဲ့လက်ကို အပေါ်က အုပ်ကိုင်ပြီး နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အပြုံးတွေနဲ့ ဆက်လျှောက်လာကြတယ်။

သူ့မျက်လုံးတွေကို မှတ်မိနေပုံရတဲ့ အမျိုးသမီးလေးက သူ့အနားကိုလျှောက်လာပြီး သူ့ကို လာနှုတ်ဆက်တယ်။ ပြီးတော့ ဘေးက အမျိုးသားလေးနဲ့လည်း မိတ်ဆက်ပေးရှာတယ်။ သဘောကောင်းပုံရတဲ့ အမျိုးသားလေးက သူ့ကိုလည်း ဖော်ဖော်ရွေရွေပဲ ဆက်ဆံပြီး သူ့ဇနီးလောင်းလေးရဲ့ အချစ်ဦးကို သူဘယ်လောက်သဘောထားပြည့်ဝကြောင်း သိမ်သိမ်မွေ့မွေ့ပဲ ပြသသွားတယ်။

အမျိုးသမီးလေးကတော့ သူ့ကို အဓိပ္ပာယ်ခပ်ပါးပါးလေးပါတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်သွားလေရဲ့။ အဲဒီမျက်ဝန်းအကြည့်လေးတွေထဲမှာ မကျေနပ်မှုတွေ၊ အားမလိုအားမရမှုတွေ၊ ရယ်ချင်စိတ်လေးနဲ့ လှောင်ပြောင်လိုမှုလေးတွေကိုပါ တွေ့မိလိုက်သလိုပဲ။

သူတို့သုံးယောက်စကားရပ်ပြောနေချိန်မှာပဲ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံး တိတ်ဆိတ်သွားတယ်။ အေးစိမ့်မှုတစ်ခုနဲ့အတူ စိတ်လှုပ်ရှားမှုကိုပါ တစ်ပြိုင်တည်းခံစားလိုက်ရတဲ့ မြားနတ်မောင်လေးက ရင်လည်း အင်မတန်ခုန်နေခဲ့တယ်။ အားလုံးကို အရှိန်အဝါတစ်ခုက ဖိနှိပ်လိုက်သလိုပဲ။ ဒီအချက်ပြမှုကို သူ့နှလုံးသားက အလိုလိုသိနေတယ်။ အရှိန်အဝါကြီးမားတဲ့ မိစ္ဆာဘုရင်ကြီးရဲ့ စူးရှရှမျက်ဝန်းအကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ မြားနတ်မောင်လေးဟာ နောက်ကိုလှည့်မကြည့်ဘဲ သုတ်ခြေတင်ပြီး ပြေးထွက်သွားတော့တယ်။

အစ်...

မင်းဘုန်းသန့်တစ်ယောက် အိပ်မက်က နိုးလာချိန် ဖုန်းယူပြီး နာရီကြည့်လိုက်တော့ နံနက် သုံးနာရီခွဲသာ ရှိသေးသည်။ မိနစ်သုံးဆယ်လောက်အိပ်ပျော်ပြီး အိပ်ပျော်လိုက်သည့် မိနစ်သုံးဆယ်အတွင်းမှာပင် အိပ်မက်က မက်ဖြစ်အောင် မက်လိုက်သေးသည်။

ညက ဇူးဇူးဝင့်ထည်တို့နှင့် တွေ့ခဲ့သည်ကို စိတ်စွဲ၍ မက်ခြင်းဖြစ်သည်။

မင်းဘုန်းသန့် မီးဖွင့်ပြီး ရေယူသောက်လိုက်သည်။ စားပွဲပေါ်က ဇူးဇူးဝင့်ထည်ပေးလိုက်သည့် လိပ်စာကတ်လေးကိုယူပြီး မိနစ်အတော်ကြာ ထိုင်ကြည့်‌နေသည်။ ထို့နောက် မျက်နှာတွင် ချိုမြသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

အိပ်ရာထဲမှထကာ အဝတ်အစားလဲလိုက်သည်။ မာဖလာကို ပတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်သော့ယူကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။ ဖိနပ်စီးသည်။ တိုက်ခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန်တွင်တော့ မင်းဘုန်းသန့် အံ့ဩမှင်သက်သွားရသည်။ တံခါးရှေ့တွင် သူ့ထက် အသက်သုံးရက်ငယ်သည့် လူငယ်လေးတစ်ယောက် မတ်တပ်ရပ်နေသည်။

မင်းဘုန်းသန့် အံ့ဩလွန်း၍ စကားမဆိုနိုင်မီမှာပင် လူငယ်လေးက အပြုံးလေးနှင့် ဆိုလာခဲ့သည်။

"Trick or treat"

(A/N ရေးလက်စ 'မေတ္တာနွံ' လေးလည်း ဇာတ်မသိမ်းနိုင်သေး၊ အသစ်တွေလည်း မဖန်တီးနိုင်သေးလို့ Green Lantern ကထုတ်တဲ့ 'Trick or Treat' os collection ထဲမှာ ပါထားတာလေးနဲ့ လာချော့တာပါ။ တကယ်က ဝိုင်ကလေးကို မေ့သွားပြီလားလို့ လာကြည့်တာ)

Wine

မြားကျိုးလေးရဲ့ဒဏ္ဍာရီWhere stories live. Discover now