ကျွန်တော့်နာမည် Heart ပါ၊ ကျွန်တော့်ဘ၀ကြီးက လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက တိတ်ဆိတ်နေခဲ့တယ်၊ သူများတွေက ဆူညံသံကိုမုန်းပေမယ့် ကျွန်တော်ကတော့ တစ်ခေါက်လောက် အဲ့ဆူဆူညံညံအသံကို ကြားကြည့်ချင်သေးတယ်။
ဘာသံကိုမှမကြားရတာ၊ တစ်ယောက်ယောက်က ကိုယ့်ကိုပြောနေရင်တောင် နားမလည်တာ....ဒါတွေက အထီးကျန်စရာကောင်းပေမယ့် ၃ နှစ်ဆိုတဲ့အချိန်ကာလတစ်ခုမှာ နည်းနည်းတော့အသားကျလာပါပြီ။
မိဘတွေရဲ့ ဂုဏ်သိက္ခာအတွက် အပြင်ထွက်ခွင့်မရှိပဲ ဖွက်ထားခံရတဲ့ ကျွန်တော့်လိုကောင်မှာ သူငယ်ချင်းဆိုတာ ဘယ်ရှိပါ့မလဲ။ မိဘတွေကတောင် သူတို့ရဲ့ ဆွံ့အနားမကြား သားကို ရှက်နေခဲ့တာလေ.....
ဒါပေမယ့် တစ်နေ့ကျွန်တော် အဖေ့အရက်ေတွခိုးသောက်မလို့လုပ်နေတဲ့အချိန် အိမ်ထဲအထိရောက်လာတဲ့ ကြက်ဆီထမင်းလာပို့တဲ့သူကြောင့် အရက်ပုလင်းကွဲသွားခဲ့တယ်။
ကျွန်တော်လည်း အရက်ခိုးသောက်တာ မိဘတွေသိမှာစိုးတာနဲ့ ၀န်မခံခဲ့ဘူး၊ ကျွန်တော့်မိဘတွေနဲ့ သူ့ဦးလေးကိုတောင် သူရန်တွေပြန်တွေ့နေတာ....ကျွန်တော်နားမကြားပေမယ့် သူဒေါသထွက်နေတာတော့သိလိုက်ပါတယ်။
နောက်တစ်နေ့ကျ သူ့ကိုကျွန်တော်တို့အိမ်မှာပဲထပ်တွေ့တယ်၊ သန့်ရှင်းရေးတွေလုပ်ရင်း သူက ကျွန်တော်တို့မိသားစုပုံတွေစပ်စုနေတယ်လေ။ ကျွန်တော်လည်း သူ့လက်ထဲက မိသားစုဓါတ်ပုံကိုလုလိုက်တာပေါ့။ သူကပြန်လုတယ်။ ကျွန်တော်တို့လုကြရင်းနဲ့အရှိန်မထိန်းနိုင်ပဲ ကြမ်းတိုက်တဲ့ ရေပုံးကိုသွားထိပြီးမှောက်ကျသွားတယ်။ ဘယ်လိုလဲဗျာ ဒီကောင်နဲ့တွေ့ရင် နမော်နမဲ့ချည်းပဲ.......
အဲ့နေ့ကစပြီး ကျောင်းဆင်းတိုင်း သူကျွန်တော်တို့အိမ်ကိုလာတယ်၊ အိမ်အလုပ်တွေလုပ်တယ်၊ ကြည့်ရတာ ကွဲသွားတဲ့အရက်ပုလင်းအတွက် လုပ်အားခနဲ့ပြန်ဆပ်တာထင်တယ်။ အရင်ကဆိုအိမ်အလုပ်တွေက ကျွန်တော်လုပ်နေကျပါ၊ ဒါကြောင့်သူ့ကိုအိမ်အလုပ်မလုပ်ပဲ ကျွန်တော်နဲ့ ရုပ်ရှင်အတူကြည့်ဖို့ခေါ်လိုက်တယ်။