ရယူခြင်းမဟုတ်တဲ့ အချစ်စစ်နဲ့
စွန့်စားပြီး ချစ်မယ်ဆိုတဲ့ မမြင့်ရယ်..။***
"ဟိတ်.. ယူ့မမတစ်ယောက် ယူ့ကိုလာချောင်းနေပြန်ပြီနော် နှင်းရေ"
စာကလွဲရင် အကုန်လုံးကို လိုက်ကြည့်ပြီး စိတ်ဝင်စားတတ်တဲ့ သူငယ်ချင်းမက နှင်းကို လက်တို့ညွှန်ပြပြီး ခပ်တိုးတိုးဆိုလာတယ်။
စာအုပ်နဲ့မျက်လုံးခွာပြီး နှင်း မော့ကြည့်တော့ တကယ်ပဲ အဲ့အစ်မကြီးက အခန်းဝမှာ ရပ်နေလေရဲ့။
သူ့နာမည်က မမြင့်။ မဖြူပေမယ့် ခပ်လတ်လတ် အသားအရေနဲ့ ပါးပေါ်မှာ သနပ်ခါးပါးကွက် နှစ်ကွက် အမြဲတင်ထားပြီး ခါးလောက်ရှည်တဲ့ ဆံပင်တွေကို နံဖူးပြင်ပေါ် တစ်နွယ်တောင်မကျအောင် တင်းတင်းကြပ်ကြပ် စည်းထားနိုင်တဲ့သူ။
တက္ကသိုလ်ဝင်တန်းမို့ ဆရာမတွေရဲ့ အကြည့်အောက်မှာ မလှုပ်နိုင်အောင် ဖိခံထားရပေမယ့် အခုလိုမျိုး နဝမတန်းက နှင်း ရှိရာကို တစ်မျိုးမဟုတ် နောက်အကြောင်းတစ်မျိုးနဲ့ ခဏခဏ လာနေတဲ့သူ။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် လာတော့လည်း သူ့မျက်ဝန်းနက်နက်တွေကို နှင်းဆီကနေ မခွာ။ သူနဲ့အတူ အဖော်ပါလာတဲ့ သူငယ်ချင်းလို့ထင်ရတဲ့ အစ်မကပဲ တာဝန်ဆိုတဲ့ ကိစ္စတွေကို ဦးဆောင်လုပ်နေတာ။
အခုလည်း နှင်းတို့အတန်းမှာ ဆရာမ မရှိတာကို ဘယ်ကနေဘယ်လို သတင်းရပြီး အကြောင်းပြချက်တစ်မျိုးနဲ့ ရောက်လာပြန်ပြီလဲမသိ။ နှင်းကတော့ သူ့ရည်ရွယ်ချက်တွေကို အကုန်ရိပ်မိသားပဲ။ အထူးသဖြင့် နှင်းတို့ကျောင်းက မိန်းကလေးသီးသန့်ကျောင်းကိုး။
"ကြည့်ဦး.. ယူ့ကို ကြည့်နေတဲ့ အကြည့်တွေကို"
"ညိုနော်.. နင် စာမလုပ်ဘူးလား၊ တီချယ်ပြန်လာရင် စာစစ်မှာ"
"အမယ်လေးတော်..၊ တို့က ယူ့အစား ရင်ခုန်လို့ ပြောတာပါနော်"
"ဘာမှရင်ခုန်မနေနဲ့၊ အဲ့ မမြင့်ကလည်း အမြဲအကြောင်းမရှိ အကြောင်းရှာပြီးတော့ကို လာလာနေတော့တာပဲ၊ ဆရာမတွေတွေ့ရင် အဆူကခံရဦးမယ်"