ဆိုင်အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ မှန်တံခါးက
တစ်ဆင့်ဖြတ်ပြီးတော့ မြင်နေရတဲ့လောကကြီးက မှုန်ဝါးဝါး။ အနွေးဓာတ်တွေ ပြည့်နှက်နေတဲ့ ဒီဆိုင်ထဲမှာ နွေးထွေးနေသလောက်ကို နှင်းစက်မှုန်တွေ ဝဲကျနေတဲ့ အပြင်ဘက် လောကကြီးကတော့ အေးစက်နေလောက်မှာပေါ့။တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ အချိန်က မနက် ခြောက်နာရီနဲ့ ငါးဆယ့်ကိုးမိနစ်တိတိ။ တစ်ချက်ချက် ရွေ့လျားနေတဲ့ နာရီစက္ကန့်လက်တံရဲ့ အသံနဲ့အတူ တစ်လှမ်းချင်းစီ လှမ်းလာတဲ့ မစိမ်းသက်နေတဲ့ ခြေသံတစ်ခု။
ခုနစ်နာရီတိတိအချိန်.. တံခါးဝမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းမြည်သံကို ကြားလိုက်ရတာနဲ့တပြိုင်နက် အပြင်ဘက်က တိုးဝင်လာသည့် လေအေးတွေက ကျွန်တော့်မျက်နှာအနားကို တိုးဝင်ဖြတ်သန်းသွားကြသည်။ နှာဖျားဝကို တိုးဝင်လာတာက ရင်းနှီးနေသည့် ချိုအီအီ ကိုယ်သင်းရနံ့တစ်ခု။ သူ ရောက်လာခဲ့ပြီ..
ကောင်တာရှေ့မှာ သူ့ ရပ်လိုက်ရံနဲ့တင်ကို ကျွန်တော့်ရဲ့ လက်ဖျားတွေက espresso capsule တွေကို အလိုလို ရောက်သွားခဲ့မိသည်။ "" Hot Americano တစ်ခွက်ပေးပါ "" လို့ သူ မပြောရသေးခင်ကတည်းက ကျွန်တော်က သူ့ရဲ့ ရွေးချယ်မှုက ဘာလဲဆိုတာကို ကြိုတင်သိထားနေတာကတော့ အဆန်းတကြယ် မဟုတ်နေပါ။
သူ ဒီဆိုင်ကို မနက်ခုနစ်နာရီတိတိဆိုရင် အချိန်မှန်မှန် ရောက်လာနေကျ ဖြစ်သည်။ သူနဲ့ ပတ်သတ်ပြီးတော့
ကျွန်တော့် မှတ်ဥာဏ်ထဲမှာ စွဲထင်နေတာက ချိုအီအီ
ကိုယ်သင်းရနံ့နဲ့အတူ Hot Americano တစ်ခွက်။လည်တိုင်သွယ်သွယ်မှာ ဆွဲထားသည့် ဝန်ထမ်းကတ်ကို
ကြည့်ခြင်းအားဖြင့် ဒီဆိုင်အနီးအနားက တစ်နေရာရာမှာ အလုပ်လုပ်နေသည့် နိုင်ငံခြားသားလို့ ကျွန်တော် ခန့်မှန်းထားတဲ့ သူ့ရဲ့နာမည်က ကျန်းဟောက်။ သူနဲ့ပတ်သက်သမျှ ကျွန်တော် သိတာ ဒါအကုန်ပါပဲ။ကျွန်တော် espresso capsule ကို ရွေးပြီးသွားသည်အထိ သူကတော့ မျက်မှောင်ကြုံ့ကာ menu ကို ကြည့်ရင်းနဲ့ အလုပ်ရှုပ်နေတုန်းပင်ဖြစ်သည်။ ကော်ဖီအမျိုးအစားပေါင်း နှစ်ဆယ်လောက်ကို သေချာအာရုံစိုက်ရွေးချယ်မှုအပြီးမှာ သူ့ဆီက ထွက်လာတဲ့ အဖြေကတော့ Hot Americano...
