ပြောင်းလဲသွားသောအဖွား (တစ်ခန်းရပ်)

84 4 0
                                    

ဂျနတ်သည် ညဉ့်နက်သန်းကောင် တစ်ယောက်တည်း စကားပြော ဂါထာများကိုရွတ်ရင်း မုန့်များအငမ်းမရစားနေသောအဖွားကိုကြည့်ရင်း ဆုံးဖြတ်လိုက်သည်။ ကနေ့ညတော့ ဘုရားကျောင်းသွား အကူအညီတောင်းရတော့မည်။

အဖွားနဲ့ ဂျနတ်အတူတူနေလာတာကတော့ ကြာခဲ့ပါပြီ။ ဂျနတ် သုံးနှစ်အရွယ် မိဘတွေဆုံးသွားကတည်းက ဒီအဖွားပဲ စောင့်ရှောက်လာတာ။ ဆွေမျိုးကမရှိ၊ ရှိတဲ့ဆွေမျိုးက အဝေးရောက်နေတော့လဲ ဒီကလေးကို ဒီအဖွားမှမစောင့်ရှောက်ရင် မိဘမဲ့ ဂေဟာပဲရောက်မလား လန်ဒန်ရဲ့ လမ်းမတွေကြားပဲ လေလွင့်သွားမလား။ တစ်ခုခုပေါ့။ ဝိတိုရိယခေတ် လန်ဒန်မြို့ဟာ ရုပ်ဝတ္ထုတိုးတက်သလောက် စာရိတ္တတော့ ကင်းမဲ့တာပဲ။ သဟာကြောင့်ပဲ ရှားလော့ခ်လိုဇာတ်ကောင်တွေ လန်ဒန်မှာတည်ခြင်းခံရတာပေါ့။

အဖွားက ဂျနက်ကို လန်ဒန်ကနေ အဝေးချောင်ကျလှတဲ့ အုတ်ခ်ဘေးလ်ရွာခေါ်လာတဲ့အကြောင်းတွေ ဂျနတ်ကောင်းကောင်း မမှတ်မိတော့။ လန်ဒန်မှာနေစဉ် ဘဝတောင် ရေရေးမျှသိရတော့သည်။ ဆယ်နှစ်တောင်ကြာခဲ့ပြီကိုး။ အဖွားတို့အိမ်က ရွာရဲ့အစွန်းဘက်မှာ ရောက်နေတယ်။ အဖွားဟာ အဘေးတွေရဲ့အမွေတိုက်ကြီးထဲမှာပဲ စားသောက်ဖွယ်ရာတွေကို ခြံနောက်မှာစိုက်ပျိုးရင်းနေပါတယ်။ ဂျနတ်သိသလောက် အဖွားကိုရွာထဲကလူများက ခပ်ကင်းကင်းနေကြတယ်။ စုန်းမကြီးလိ့ုမြင်ကြတယ်။ ငွေတိုးချေးစားတဲ့ အလုပ်လုပ်ရတဲ့အဖွားကို လူမုန်းများတာ တကယ်တမ်းဘာဆန်းပါ့မလဲ။ ကွယ်ရာမှာ ရဟူဒီမကြီးလို့တောင်ခေါ်ကြသေးတာ။

ယခုတော့ အဖွားလည်း ငွေးတိုးမချေးနိုင်ပါ။ လုပ်ငန်းမရှိတော့လည်း ကိုယ့်အိမ်စိုက်ခင်းက စားစရာတွေကိုပဲ တစ်နိုင်ကြီးစားပါလေ့။ အိမ်နောက်ခြံမှာ သီးနှံကိုစုံလို့။ ဂျုံလေး ဆီလေးလိုမှ တစ်လတန်သီ နှစ်လတန်သီ ရွာစျေးထဲထွက်ဝယ်ကြရုံသာ။

"ကျုပ်တို့ ဘိုးဘေးတွေတုန်းကဆိုရင်..." အဖွားက သူပျင်းလာရင် သူ့ငယ်စဉ်ဘဝ ဘိုးဘေးတွေ "ဘာရွန်း" ဘဝနဲ့ ကောင်းစားစဉ်ဘဝကို မြေးမလေးကို တစ်ဝကြီးပြောပြတတ်တယ်။ ဂျနတ်ကလည်း အားလပ်ချိန်များတော့ နားထောင်ပေးပါတယ်။ ဂျနတ်ရဲ့ တခြားအလုပ်က ဘာရှိမှာလဲ။ ခြံကူရှင်း၊ သန့်ရှင်းရေးကူလုပ်၊ စာအုပ်လေးဖတ်ရုံသာရှိတာ။ အဖွားက ဂျနတ်စာရေးတတ် ဖတ်တတ်သည်အထိ သင်ပေးထားပါတယ်။ ကျောင်းမပို့ပေမဲ့ပေါ့။ ဒါပေသိ ဂျနတ်အတွက်က ကျောင်းဘယ်လိုမလဲ။ အဖွားတို့ အိမ်တော် စာကြည့်တိုက်ကြီးမှာ စာအုပ်တွေမှ တောင်လိုပုံလို့။ ထိုခေတ်က မိန်းမများနဲ့ မတန်ပါဆိုတဲ့ "ဆေးပညာ" နဲ့ "ဆောက်လုပ်ရေးပညာ" စာအုပ်တွေပါရှိနေတာ။

🎉 You've finished reading ပြောင်းလဲသွားသောအဖွား (တစ်ခန်းရပ်-ဝတ္ထုတို) 🎉
ပြောင်းလဲသွားသောအဖွား (တစ်ခန်းရပ်-ဝတ္ထုတို)Where stories live. Discover now