အချိန်အားဖြင့်နေမပွင့်သေးသောမနက်စောစော ၄နာရီတွင် မီးဖိုဆောင်ထဲ၌ တလှုပ်လှုပ်ဖြင့် မနက်စာပြင်နေသောကောင်လေးတစ်ဦးရှိပေသည်။ ကုက္ကိုလ်တန်းရွာ၏ အာရုံတက်ချိန်တွင်အိမ်တိုင်း မီးဖိုချောင်တိုင်း၌ တစ်အိမ်မကျန်အကုန်ဆွမ်းထချက်ကြသည်မှာ ရွာ၏ထုံးစံပင်ဖြစ်နေလေပြီဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းကြရုံသာမက အလှူအတန်းမှာလည်းလွန်စွာရက်ရောကြသည်။
လမင်းငယ်တစ်ယောက်မနက်စောစော ဝေလီဝေလင်းကတည်းက ဆွမ်းထချက်ပြီး ရေနွေးအိုးပါတည်ထားလိုက်သည်။ ဘုန်းကြီးကျောင်းမှကပ္ပိယလေး၏ ဆွမ်းတော်ဗျို့ ဆိုသောအသံကြားသည်နှင့်ဝိုင်းရှေ့သို့ခပ်သုတ်သုတ်ထွက်ခဲ့ပြီး သင်္ဃာတော်များအလာကိုစောင့်နေခဲ့သည်။ တစ်ပါးပြီး တစ်ပါးကို ဆွမ်းသေသေချာချာလောင်းပေးပြီးသည်နှင့် ဒေါ်မြ၏ပဲပြုတ်ပူပူလေးကို ၅ ကျပ်သားလောက်ဝယ်ထားလိုက်သည်။ အမေနဲ့ အဘမနိုးခင် မနက်စာပြင်ထားပေးရမည်ဖြစ်သည်။
"သားငယ် သားလေး"
"အမေ နိုးပြီလားသားကမီးဖိုချောင်ထဲမှာ မနက်စာပြင်နေတာ"
အမေ့အသံကြားတာနဲ့ အမေနိုးပြီဆိုတာကို လမင်းငယ်သိလိုက်ပြီဖြစ်သည်။ အမေကညဘက်စပါးစာရင်းတွေလုပ်ရတော့ စောစောမအိပ်နိုင်ပဲညဥ့်နက်သွားသည်။သူဆွမ်းထမလောင်းနိုင်တော့မှာကိုစိုးရိမ်နေသောကြောင့် အမေ့အသံကပြာသလဲလဲ။
"သား ဆွမ်းလောင်းလိုက်ရဲ့လား"
"လောင်းပါတယ်အမေရဲ့ သားရေနွေးအိုးလည်းတည်ပေးထားတယ်"
"အော်တော်ပါသေးရဲ့ ငါ့သားလေးဆွမ်းထလောင်းပေးလို့ မဟုတ်ရင် လောင်းဖြစ်မှာမဟုတ်ဘူး"
ဒေါ်မြစိမ်းလည်း အဲ့ကြမှရင်ထဲကအလုံးကြီးကျသွားတော့သည်။သားငယ်သည် ယောက်ျားလေးပေမဲ့ အိမ်မှုကိစ္စတော့နိုင်နင်းသည်။ ငယ်စဥ်ကတည်းက မိဘအပေါ်ရိုရိုသေသေဆက်ဆံပြီး ပညာရေးတွင်လည်းထူးချွန်သည်။ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး မြို့ပေါ်တွင်မိဘအရိပ်နဲ့ခွဲ၍အလုပ်မလုပ်ချင်ဘူးဟုဆိုသောကြောင့် ရွာမှာအိမ်ဆောက်ပစ္စည်းဆိုင်လေးဖွင့်ထားသည်။အခုလည်းဆန်စက်ကိုသူပဲဦးဆောင်ပါရစေဟုတောင်းဆိုပေမဲ့ လက်မခံနိုင်ပေါင်။သူတို့သားလေးပင်ပန်းမှာကိုမကြည့်ရက်ပေ။တစ်ဦးတည်းသောသားလေးမလား။