0.5

5.2K 588 41
                                    

Background Music - Derniére danse by Indila

ယစ်မူးရီဝေနေကြသော လူအုပ်ကြီး၏ကြား၌ ထူးကဲလှသည့် တည်ရှိမှုတစ်ခုကို သူမတွေ့မြင်နေရသည်။ ဆွဲငင်ရှိုက်ယူလာသည့် ထိုညှို့ဓာတ်ကို ငြင်းပယ်နိုင်စွမ်းအား မည်သည့်နေရာမှ ရှာဖွေရမည်ကိုမသိတော့။ တစ်လှမ်းချင်း.. ထိုနားသို့သွားမည်။ သွားမည် မဟုတ်သေး။ သွားနေမိသည်။ အသိစိတ်ကို ထိန်းသိမ်းထားပါသော်လည်း သူ၏ အုပ်ကျိုးညွန့်ကျနေသည့် ခပ်သိမ့်သိမ့်အသားစိုင်များထက်တွင် လေထုက ပြတ်လပ်သွားဟန်ရှိသည်။ သံစဉ်အလိုက် ယိမ်းနွဲ့နေသည့် ထိုလက်ချောင်းများကြားတွင် သူမ၏မျက်နှာတစ်ခုလုံးကို ပွေ့ဖက်သိမ်းပိုက်ခံလိုက်ချင်မိလာသည်။

အနီးသို့ရောက်သွားသည့်အခါ ရလိုက်သည့် ရနံ့။ နှာဖျားမှ လေထုကို အဆုတ်ထဲသို့ တဆုံးရှိုက်သွင်းလိုက်သည်။ ရေမွှေးနံ့နှင့် ယမကာနံ့ရောနေသည့် မြစ်တစ်စင်း အာရုံကြောများထဲတွင် တရှိန်ထိုးစီးဆင်းလာသည်။ ဘေးနားမှ ဖြတ်တိုက်သွားကြသည့်လူများ၏ ထိတွေ့မှုကိုသော်လည်းကောင်း နှာဖျားသို့ အလုအယက်ဖြတ်ဝင်လာကြသော အခြားရနံ့များကိုသော်လည်းကောင်း အာရုံမထားနိုင်။ ဤနေရာသို့ သူမ ရောက်လာခဲ့တာ မှန်သွားသည်။

ခြေနှစ်လှမ်းထပ်လှမ်းလိုက်ရင် ထိုမိန်းမဆီသို့ သူမ ရောက်သွားတော့မည်။ ထိုမိန်းမ၏ခါးကို လက်များဖြင့် ပွေ့ယူသိမ်းဖက်ပြီး သီချင်းတစ်ပုဒ်ထဲသို့ ခုန်ဝင်ပစ်လိုက်မိတော့မည်။  ထိုအခိုက်အတန့် နှစ်ဦးကြား၌ ပူးကပ်စွာ ဝင်ရပ်လာသည့် ယောက်ျားတစ်ဦးကို မြင်ရသည့်အဆုံး အိပ်မက်မှ လန့်နိုးသွားသယောင် အသိစိတ်များ ဆတ်ခနဲ ကပ်ပါးလာတော့သည်။

"ဒေလီယာ"

အင်မတန်ထိတ်လန့်နေပုံပေါ်သည့် သူမရှေ့မှ အမျိုးသားက သူမနာမည်ကို ရေရွတ်လိုက်သည်။ ဆံနွယ်ရှည်များကို ခပ်ဖွဖွသပ်တင်လိုက်ပြီး ဒေလီယာ သူ့ကို ပြုံးပြလိုက်သည်။

"မောင်"

မောင့်နောက်ကျောဘက်တွင် ကခုန်နေခဲ့သည့် အလှတရားလေး ရုတ်ချည်းပျောက်ကွယ်သွားသည်။ မောင်က နောက်သို့တစ်ချက်လှည့်ကြည့်ပြီး သူ၏ဆံပင်များကြား လက်များတိုးဝင် ဖွနေသည်။

Dearest, Dahlia Where stories live. Discover now