1.5

1.8K 335 15
                                    

မောင်နှင့်တွေ့သည့်ရက်များဆို ဧဒင် သူမကို ဖုန်းမဆက်ပါ။ ညဘက်ပင် မဆက်တော့။ မောင်နှင့်မတွေ့ရသည့် သုံးလေးရက်တွင်လည်း သူမ ဧဒင်နှင့် တစ်ရက်မျှတွေ့ရဖို့ကို မနည်းဆက်သွယ်ရသည်။ ဒေလီယာ ဘာဖြစ်ချင်နေသလဲ ဘယ်သူ့ကို လိုချင်နေသလဲဆိုတာ စဉ်းစားရင်းဖြင့် ညများ ခက်သထက်ခက်လာသည်။ ဖုန်းဆက်သည့်အချိန် သူ့partnerနှင့်အတူရှိနေသည်ဟု သိရပါလျှင် ပြိုလဲကျသွားတတ်သည့် စိတ်အစဉ်ကို ဧဒင်သိပါ့မလား။ သိလျှင်ရော ဘာကိုမှမခံစားတတ်သည့်သူက သူမကို သနားပါ့မလား။ ရည်းစားရှိရက်နဲ့ သူ့ကိုမှ လာတမ်းတနေသည်ဟု ခနဲ့တဲ့တဲ့ဖြင့် ပါးချိုင့်များနက်သည်အထိ ရယ်နေမည်လား။ ဧဒင့်ဆီက အထင်သေးလှောင်ပြောင်သည့် အကြည့်တစ်ခုကို ရလျှင်ပင် သူမ အငိုကြီးငိုမိတော့မည့်အထိ အားနည်းလာပါသည်။

"ဒေလီယာ ငါ့အိမ်ကိုလာခဲ့လို့ရမလားဟင်"

အရေးကြီးသည့် ဧည့်သည်တစ်ချို့နှင့် စကားပြောနေသည့် နေ့လည်ခင်းတစ်ခုမှာ ဧဒင်က ဖျော့တော့နေသော အသံဖြင့် ဖုန်းဆက်လာခဲ့သည်။

"ဧဒင် ငါအခု အလုပ်လုပ်နေလို့ ဒါပြီးရင် လာခဲ့မယ်လေ ရတယ်မလား"

"အင်း ရပါတယ် ငါစောင့်နေမယ်နော်"

သိလာခဲ့သည့် ၇လကျော်အတွင်း ဒီလောက်ထိ အားနည်းနေသည့် ဧဒင့်အသံကို မကြားခဲ့ဖူးပါ။ သူမ အလုပ်မပြီးသေးခင်၌ပင် ထထွက်လာမိသည်။ မောင့်ကိုတော့ နေသိပ်မကောင်း၍ အိမ်စောစောပြန်နားပြီဟု စာပို့ထားလိုက်သည်။

သူ့အိမ်ရောက်တော့ ထင်သည့်အတိုင်း ဧဒင်အိပ်ရာထဲ ခွေနေသည်။ ဒေလီယာ ဘာလုပ်ရမည်မသိ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။ သူအဆင်ပြေရဲ့လား။ ဘာကများ ပြဿနာဖြစ်နေတာလဲ။

"ဒေလီယာ ငါ့မှာဘာရောဂါမှမရှိဘူး။ ငါလူတိုင်းနဲ့ အကာအကွယ်သုံးပြီးပဲနေတာ။ အခုကလည်း ရာသီတုပ်ကွေးဖြစ်တာပါ ဒေလီယာရယ်"

"အို မဟုတ်ပါဘူး ဧဒင်ရယ် ငါအဲ့သဘောနဲ့ တုံ့ဆိုင်းနေတာမဟုတ်ရပါဘူး"

ခုတင်ဘေးတွင် ငိုင်တိုင်တိုင်ဖြင့် ထိုင်ကာ ဆေးခန်းအရင်သွားရနိုး၊ သူ့အခြေအနေကိုစောင့်ကြည့်ရနိုးဖြင့် အတွေးများနေသည့်သူမကို ဧဒင်ပြောလိုက်သည့် ထိုစကားက အများကြီးဝမ်းနည်းမိသွားစေပါသည်။

Dearest, Dahlia Where stories live. Discover now