တွေးထားခဲ့ဖူးသည်။ စိတ်ထဲမှာ အထပ်ထပ်ကိုယ့်ကိုကိုယ် သတိပေးချုပ်ထိန်းနေခဲ့ရင်း မည်သို့သော အကြောင်းပြချက်နှင့်မှ ဤနေရာကို မလာတော့ဘူးဟု အဓိပ္ပာယ်ပြည့်၀ လေးနက်မှုတွေကို ရင်၀ယ်ပိုက်ပြီး ပြန်မကြည့်ချင်လောက်အောင် သူပြတ်သားခြင်း တွေဖြင့် ဆုံးဖြတ်ခဲ့တာပါ ။ တကယ်တမ်းကျတော့ ထိုပြတ်သားခြင်းတွေသည် London ဟူသော သူ့အတွက် ဤတစ်သက်မှာ မေ့ဖျောက်ဖို့မရနိုင်တော့တဲ့ တန်ဖိုးကြီးအမှတ်တရတွေရှိရာ၊ မြတ်မြတ်နိုးနိုး အကြင်နာတရားတွေဖိတ်စင်ခဲ့ရာ၊ အနုပညာသွေးတွေဖြင့် ထုံမွန်းပိတ်လှောင်နေသော၊လှပမှု၊ အရောင်အသွေးစုံလင်ကောင်းမွန်မှုတို့နှင့် ထိစပ်နေသည့် ကောင်းကင်ဘုံတစ်မျှလှပသည့် ထိုနေရာသည် ပျော်ရွှင်ရတာနှင့်ထပ်တူအချိုးကျနေသည့် စိတ်ထိခိုက်၀မ်းနည်းရတာတွေပါ တစ်မေ့တမော ရှိခဲ့ရတဲ့ နေရာတစ်ခုဖြစ်လျက် မေ့ဖျောက်နိုင်ဖို့ ရင်မှာစူးနှစ်ကြေကွဲခြင်းတွေဖြင့် ကြိုးစားအားတင်းပြီး ချမှတ်ခဲ့ရတာ ဆိုလည်းမမှားပါဘူး။
သို့ပေမယ့် အခုကျတော့ ဘာဖြစ်လဲ။သူသိပ်မုန်းသလို သိပ်လည်းချစ်မြတ်နိုးရသည့် London ကိုနောက်တစ်ကြိမ် ပြန်အခြေချဖို့ ကြိုးပမ်းနေရပြီ။အတိတ်တွေဆီ လက်ပြန်ကူးခတ်ဖို့ မျက်စိစုံမှိတ်ကာ ရောက်လာနေခဲ့ပါပြီ။ အရှက်မရှိတဲ့သူတစ်ယောက်လို ကိုယ်ကိုကိုယ် ကြွေးကြော်အော်ဟစ်ထားသည်ကြောင့် မည်သူမှမသိပေမယ့် သူသိနေတဲ့ကိစ္စမှာ ဤဖြစ်ရပ်ပေါ် ရှက်ရွံသည့် စိတ်အစဉ်သာ တစ်ရစ်ဝဲဝဲ။ ဝေးဖို့ဘယ်လောက်ပဲ ကြိုးစား ကြိုးစားကံတရားနှင့်တိုက်ဆိုင်လာပြန်တော့ ငြင်းဆိုခွင့်တောင် မရှိတော့ပါလား။
ညဥ့်နက်သန်းခေါင်အချိန်တိုင်း အဆုံးစွန်သော ထိတ်လန့်မှုတွေဖြင့် ကျောပြင်တွေမှာ ချွေးတွေရွှဲရွှဲစိုလျက် နိုးထခဲ့ရသည့်နေ့တွေမှာ နှစ်ရက်ခြားတစ်ခါဆိုသလို နောက်ပိုင်းတွေ၌ အကျင့်လိုတောင် ဖြစ်လာခဲ့တာတွေ။ ရွှဲစိုတွေတဲ့လက်တွေကို မီးရောင်ပြာ ဖြာဖြာအောက်မှာ ထောင်ကြည့်ပြီး ယခင်ကရခဲ့သည့်နူးညံတဲ့အထိအတွေ့လေးတွေ၊ အစဥ် ချွေးထွက်များပြီး အေးစက်နေတဲ့လက်ဖဝါးတွေအား အမြဲလက်သုတ်ပဝါအဖြူလေးဖြင့် ထိုသူ ယုယုယယသုတ်ပေးတဲ့အခိုက်မှာ ခံစားမိရတဲ့ နွေးထွေးခြင်းတွေ ကင်းမဲ့နေချိန်မှာတော့ ထိုလက်ဖဝါးတွေပေါ် မျက်နှာအပ်၍ ဆင်းရဲခြင်းကြီးစွာ ငိုရှိုက်ခဲ့ရသည်။

YOU ARE READING
Men on Abbey Road
Fanficအသွားရှိတဲ့အချစ်တွေ၌ အပြန်မဲ့သော ချစ်ခြင်းတွေ ကိန်း၀ပ်နေသောအခါ၀ယ်