Unicode
ဟန်ဘင်းတစ်ယောက် အိမ်ထဲကနေ အိမ်ပြင်မထွက်တာ တစ်ပတ်ကျော်နီးပါးရှိပြီဖြစ်သည်။ ဟာအိုဟျောင်းကိုစိတ်ဆိုးတာမဟုတ်ပေမယ့် လောလောဆယ်တော့ သူ ဟျောင်းနဲ့ မျက်နှာချင်းမဆိုင်ချင်ပါ။
တကယ်တော့ ဟာအိုဟျောင်းအမှားရယ်လို့လည်း မဟုတ်ပါဘူး။ ဟျောင်းက သူချစ်နေတာကို သိတောင်မသိတာ သိရင်လည်း ဒီလိုမျိုးစမယ့်လူစားမျိုးမဟုတ်ဘူးလေ။ ဒါပေမယ့် အကြောင်းအရင်း မယ်မယ်ရရ မရှိပါဘဲ သူဟျောင်းနဲ့ လတ်တလောမှာတော့ မတွေ့ချင်ဘူးဖြစ်နေသည်။
အဲ့နေ့က ကျောင်းက ပြန်လာပြီး အခန်းထဲတန်းဝင်သွားတဲ့သူ့ကို အိမ်ကိုအလည်ရောက်နေတဲ့ သူ့ညီဝမ်းကွဲ ဂယူဘင်းကတောင် အထူးအဆန်းလိုကြည့်လာသည်။ နောက်တော့ သူ့အခန်းထဲထိလိုက်လာပြီး မရမက မေးတော့တာပဲ။ ဟာအိုဟျောင်းကြောင့်လို့ပြောလိုက်တာနဲ့ ဂယူဘင်းကဘာမှဆက်မမေးတော့ပဲ အခန်းထဲကပြန်ထွက်သွားသည်။
သူဟာအိုဟျောင်းကိုချစ်နေတာ သူ့တစ်မျိုးလုံး တစ်ဆွေလုံးနီးပါး သိသည်။ ဟာအိုဟျောင်းကသာ မသိတာ။ မေမေကလည်း ဟာအိုဟျောင်းနဲ့ ပတ်သက်ပြီးသူဒီလိုဖြစ်နေတာသိတော့ ဘာမှမပြောပါ။ မေမေနဲ့ ဟန်ဘင်းတို့တက္ကသိုလ်က ပေါမောက္ခကရင်းနှီးတာမို့ နေမကောင်းလို့ပါဆိုပြီးတော့ မေမေကခွင့်တိုင်ပေးထားသည်။
ဟန်ဘင်းမှာတော့ တစ်နေ့တစ်နေ့အိမ်မှာ စာလုပ်လိုက် ပျင်းရင် ဖုန်းသုံးလိုက်နဲ့ လုံးချာလည်နေသည်။ ဟာအိုဟျောင်းကိုလွမ်းရင် ဖုန်းထဲက ဟျောင်းပုံလေးတွေကိုကြည့်ပြီး အလွမ်းဖြေနေရသည်။ သူ့စိတ်ရှိတိုင်းသာဆိုရင် ကျွန်တော် ဟျောင်းကိုချစ်တယ်ဆိုပြီး ခုချက်ချင်းသွားပြောလိုက်မှာပေမယ့် အခြေအနေက ဒီလိုမျိုး တဇွတ်ထိုးဆန်လို့ရတဲ့အခြေအနေမျိုးမဟုတ်။
လွမ်းလွန်းလို့ ရူးသွားတဲ့သူဆို သူသာဖြစ်လိမ့်မည်။ ရယ်တော့ရယ်ရသား သူပဲရှောင်ပြီး သူပဲ လွမ်းနေရတာ။ ငတုံးလေး ဟျောင်းကတော့ သူဒီလိုကမ္ဘာပျက်နေတာ သိမှာမဟုတ်။ ခက်တာက သူကလည်း ဒီငတုံးလေးကိုပဲ ချစ်နေချင်တော့တာမဟုတ်ပါလား။