ခန့်ညားလှသောအိမ်တော်ကြီးရှေ့၌ကလေးငယ်လေး တစ်ယောက်ဟာဒူးကလေးပိုက်ရင်းအော်ငိုနေရှာသည်။ဒီစက်ဘီးသေးသေးကလေးဟာ သူစီးလိုက်တိုင်းလဲကျသည်။အနားမှာထိန်းပေးမည့်လူရယ်လို့မရှိ။ယခုလည်း အိမ်တော်အပြင်သို့လူတစ်ယောက်မှထွက်မလာ။သူလေး တစ်ယောက်သာငိုနေရသည်။
"နောင် ထလို့မရတော့ဘူး...အဟင့်။"
ဟိုကြည့်ဒီကြည့်ဖြင့် ပတ်ဝန်းကျင်ကိုငဲ့ကြည့်သည်။ခပ်ကျယ်ကျယ်အော်နေသော်လည်း လူကထွက်မလာ။
ဒူးမှပွန်းသွားသည့်ဒဏ်ရာက သွေးများယိုစိမ့်လို့နေသည်။အောက်ကခဲဖြင့်စူးသွားသည်ထင်သည်။လက်ဖဝါးသေးသေးကလေးသည်လည်း ပန်းနုရောင်သန်းလျက်နာကျင်နေသည်။လဲကျတုန်းကလက်ဖြင့်ထောက်မိသွား၍ဖြစ်မည်။
ခပ်လှမ်းလှမ်းမှကားတစ်စီးဝင်လာသည်။ဒါဟာမာမီ့ကားပင်။မာမီဟာ ဤသို့မြင်ကွင်းကိုမြင်လျှင်နောင့်ကိုဆူအုံးမှာလားဟုတွေးမိသွားသည်။အလျှင်အမြန်ထဖို့ကြိုးစားပေမယ့် နောင့်ခြေထောက်များ မခိုင်တော့ပါ။
"နောင်ငယ်!။"
ကားတံခါးဖွင့်ဖွင့်ချင်းပင် မာမီကအော်သည်။နောင့်ဆီသို့မပြေးရုံတမယ်လျှောက်လို့လာသည်။မာမီ့ခြေသလုံးမှပွတ်တိုက်သွားသည့် လုံချည်စကိုနောင်ငေးနေမိသည်။မာမီ့ကိုလည်းကြောက်သည်။
"ဒါကဘယ်လိုဖြစ်ရတာလဲ။"
"နောင်...နောင် စက်ဘီးစီးရင်း လဲကျတာပါမာမီ။နောင့်ကိုမဆူပါနဲ့နော်။နောင် နာလို့ပါ။"
"မာမီပြောထားပြီးသားလေ မင်းဒီစက်ဘီးကိုမစီးရဘူးဆိုနေ။ခိုးထုတ်ပြီးစီးတာမလား။"
"နောင်မှားသွားပါတယ်မာမီရယ် အဟင့်။"
မနိုင့်တနိုင် လက်သေးသေးကလေးဖြင့်မာမီ့လည်ဂုတ်ကိုသိုင်းဖက်တော့အလိုက်သင့်ပြန်ဖက်လာသည်။နောင့်ကျောကိုခပ်ဖွဖွပွတ်သပ်ပေးသည်။
"နောက်မစီးရဘူးနောင်ငယ်။ဒီစက်ဘီးကမင်းကိုဒဏ်ရာရအောင်သိပ်လုပ်တာ။မာမီမကြိုက်ဘူး။မစီးနဲ့။"
"ဟုတ် ဟုတ်ကဲ့။"
မာမီဟာနောင့်ကိုပွေ့ချီရင်း လဲကျနေသည့်စက်ဘီးကလေးကိုစေ့စေ့ကြည့်သည်။မာမီမျက်နှာကမသာမယာ အံကိုတင်းတင်းကြိတ်ရင်း တည်တံ့လို့နေသည်။