အချိန်က မှောင်ရီပျိုးစ အချိန်ပေါ့။ ကျွန်တော် စိတ်ပူလာပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တောထဲမှာ လမ်းပျောက်နေတာ ကြာပြီ။ ကျွန်တော်တို့ဆိုတာ ကျွန်တော့်အပြင် ကောင်မလေး တစ်ယောက်လည်းပါတယ်။ သူ့နာမည်က သော်တာတဲ့။ သူက ရှေ့လလောက်ဆို ကျွန်တော့်သူငယ်ချင်းနဲ့ လက်ထပ်တော့မယ်။ လက်ထပ်ပြီးချိန် ခရီးသွားရတာ အဆင်မပြေမှာစိုးလို့ အခု သူငယ်ချင်းတွေနဲ့ စုပြီး တောင်တက်ခရီးထွက်လာတာ လူအုပ်ကွဲပြီး ကျွန်တော်တို့ နှစ်ယောက်တည်း မျက်စိလည်ပြီး တောထဲမှာ ယောင်လည်လည် ဖြစ်နေကြတာ။ ရှေ့တိုးရင်း ကားလမ်းမပေါ် ရောက်ခါနီးလား၊ တောနက်ထဲ ပိုတိုးမိနေသလား မသိတော့ဘူး။
လျှောက်လာရင်း မီးရောင်တွေ့တော့ ဝမ်းသာသွားတယ်။ ရွာပုံစံပဲ။ ဒီကိုသွားရင် ကျွန်တော်တို့ အကူအညီ ရနိုင်တယ်လေ။ ဒါနဲ့ ရှေ့တိုးသွားတယ်။
ရွာထဲဝင်တော့ ရုပ်ရည်ကြမ်းကြမ်းနဲ့ ရွာသားတွေကို တွေ့တယ်။ တွေ့သမျှ ယောင်္ကျားတွေချည်းပဲ။ မိန်းမ သိပ်မရှိဘူး။
"မိတ်ဆွေတို့ ကျွန်တော်တို့ လမ်းပျောက်လာလို့ပါ။ ခုက မှောင်နေပြီမို့ တစ်ညလောက် တည်းခွင့်ပြုပါ။"