"နင်တို့နှစ်ယောက် ဘာတော်လဲ"
ရွာလူကြီးက လေသံ ဝဲဝဲနဲ့ မေးတယ်။
"ဘာဖြစ်လို့လဲဗျ"
"ငါတို့ရွာမှာ မိန်းမရှားတယ်။ ဒီကောင်မလေးက သိပ်လှတယ်။ နင်တို့ နှစ်ယောက် ဘာမှမတော်ဘူးဆိုရင်နင်ပြန်တော့။ ဒီကောင်မလေးက ဒီရွာမှာ တစ်သက်လုံး နေသွားရမယ်။"
"ဗျာ"
သော်တာကို့ကြည့်လိုက်တော့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေပြီ။ လာမိတာ မှားပြီလို့ နှစ်ယောက်လုံး တွေးမိတယ်။
"အေး နင်တို့ နှစ်ယောက်က လင်မယားဆိုရင်တော့ ငါတို့က သစ္စာရှိပါတယ်။ မထိပါးပါဘူး။ ဒီည တည်းပါ။ မနက်ကျမှ ပြန်ပါ။"
"ကျွန်မတို့က လင်မယားတွေပါ"
သော်တာက မျက်လွှာချပြီး ခပ်တိုးတိုး ပြောတယ်။
ရွာသူကြီးရဲ့ မျက်နှာဆိုးဆိုးက နည်းနည်း လှုပ်ရှားသွားတယ်။
"အေး .. အဲဒါဆို ဘယ်တတ်နိုင်ပါ့မလဲ။ နင်တို့ လင်မယားအတွက် အခန်းလိုက်ပြမယ်"
အခန်းလေးကတော့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ပဲ။ နှစ်ယောက်အိပ်ရာ တစ်ခု၊ ခေါင်းအုံးနှစ်လုံး၊ အိပ်ရာခင်းတွေကလည်း ဖြူဖြူစင်စင်။
ကျွန်တော် သော်တာရဲ့ လက်ကို ဆွဲပြီး အခန်းထဲ ဝင်ခဲ့တယ်။ အိပ်ရာပေါ်မှာ လှဲလိုက်တော့ သတိထားပြီး သော်တာနဲ့ ခပ်ခွာခွာနေလိုက်တယ်။ အသားချင်းမထိအောင် သတိထားနေလိုက်တာ။ သော်တာက ကျွန်တော့်သူငယ်ချင်းနဲ့ လက်ထပ်မယ့်သူလေ။
လရောင် နုနုလေးက အခန်းထဲ ဖြာကျနေတယ်။ ကျွန်တော် သော်တာ့ကို ကြည့်မိတော့ လရောင်အောင်မှာ တော်တော်လှတဲ့ ကောင်မလေးတစ်ယောက် ဖြစ်နေတာ တွေ့မိတယ်။ ရွှန်းလဲ့တဲ့ မျက်လုံးလေးတွေ၊ မျက်တောင်ကော့လေးတွေ၊ နှုတ်ခမ်းဖူးဖူးလေးနဲ့ ကျော့ရှင်းအချိုးကျတဲ့ ခန္ဓာကိုယ်က လရောင်အောက်မှာ နတ်သမီးလေး တစ်ပါးလိုပါ။ သူက အရင်ကတည်းကလည်း လှတာပါ။
ကျွန်တော် လှဲပေမဲ့ အိပ်မပျော်ဘူး။ မျက်လုံးပေါင်းများစွာက ကျွန်တော်တို့ကို ချောင်းကြည့်နေတယ်လို့ ခံစားမိတယ်။ ရွာသားတွေပေါ့။ ကျွန်တော်တို့ လင်မယား အစစ်ဟုတ်မဟုတ် လာချောင်းကြတာ။ သူတို့က လင်ရှိမယားကို မပစ်မှားဘူးဆိုပေမဲ့ လင်မရှိသူဆို အလွတ်မပေးဘူးလေ။