"ဟိတ်"
စာအုပ်ထဲ လူတစ်ကိုယ်လုံးဝင်သွားမတတ်ကြည့်ကာ စာလုပ်နေတဲ့ မိုးပြာရောင်လေးရဲ့ ပခုံးကို အသာပုတ်ပြီး ခေါ်လိုက်တော့ ပင်လယ်ပြာလို မျက်ဝန်းလှလှလေးတွေက ဟန်ဘင်းဆီ ဦးတည်လာသည်။
"ဟုတ်"
ဟုတ် တဲ့။ အသံလေးက အစ ချစ်စရာလေး။
"စာတွေရော လိုက်နိုင်ရဲ့လား"
"ဟုတ်"
"မသိတာ နားမလည်တာရှိရင် အကို့ကို လာမေးလို့ရတယ်နော်"
"ဟုတ်"
"အကို့နာမည်က ဆောင်းဟန်ဘင်း အထက်တန်းတတိယနှစ်က တစ်ခုခု အကူအညီလိုတာရှိရင် အကို့ကို လာပြောလို့ရတယ်နော် ဪ အဆောင်မှာလည်း အခန်းက မျက်နှာချင်းဆိုင်လေ ပျင်းလို့အလည်လာချင်ရင်လဲ အချိန်မရွေးပဲသိလား"
"ဟုတ်"
သူပြောသမျှ ပုတ်သင်ညိုလေးလို အကုန်ခေါင်းငြိမ့်ထောက်ခံပြီး ဟုတ်တစ်လုံးဂါထာရွတ်နေတဲ့ သူ့ရဲ့ မိုးပြာရောင်လေးက ချစ်စရာကောင်းတယ်။
ချစ်ကြမယ် တစ်နေ့နေ့ပေါ့။
"စာလုပ်နေတာဆိုလည်း လုပ်ပါ အကိုလည်း အတန်းသွားတက်တော့မယ် တာ့တာ သွားပြီနော်"
"ဟုတ် တာ့တာပါ အကို"
.
.
."ဟန်ယူဂျင်း တစ်ယောက်တည်းလား"
"ဟုတ်"
"အကိုလည်း တစ်ယောက်တည်းပဲ ထိုင်မယ်နော်"
"ဟုတ် ထိုင်ပါ"
"ပြီးခဲ့တဲ့ ပိတ်ရက်က အဆောင်မှာ မတွေ့ဘူးနော် အိမ်ပြန်တာလား"
"ဟုတ်"
"ဒီတစ်ပတ်ရော ပြန်အုံးမှာလား"
"မပြန်တော့ဘူး အကို"
"ကောင်းတာပေါ့ ပျင်းရင် အကို့အခန်းကို လာလည်လို့ရတယ်နော်"
"ဟုတ်"
"အတန်းချိန်လည်း နီးပြီ စာသင်ဆောင်တူတော့ အတူတူသွားကြမလား"
ခေါင်းငြိမ့်ပြပြီး သူ့နောက်ကနေ လိုက်လာတဲ့ မိုးပြာရောင်လေးကို စောင့်ကာ ဘေးကနေပဲ ယှဥ်လျှောက်တော့ ဟိုဘက်ကို ခွာသွားသည်။ သူ့မိုးပြာရောင်လေးက သူ့ကို စိမ်းနေတုန်းပဲထင်တယ်။
.
.
.