"ဟေ့ ကျန်းဟောက် မင်းလည်း တစ်နေ့ တစ်နေ့ အဆောင်မှာပဲပုန်းနေတာ မပျင်းဘူးလား ဒီနေ့ Fresher Welcome ရှိတယ် ငါနဲ့လိုက်ပါလား ကျောင်းသားသမ္မဂက ပွဲအကြီးကြီးလုပ်ပေးမယ်ပြောတယ် အသောက်အစားတော့ နဲနဲပါတာပေါ့"
"မလိုက်တော့ပါဘူး အကိုရာ ကျွန်တော် အေးဆေးပဲနေချင်လို့"
"မင်းကိုမင်း လောကကြီးနဲ့အဆက်အသွယ်ပြတ်နေတာ သိရဲ့လား တစ်ပတ်လုံးကျောင်းတက်ပြီး တစ်ရက်ထဲရတဲ့ပိတ်ရက်ကျပြန်တော့လည်း ကလေးတွေကိုစာပြပေးပြီး အချိန်ပိုင်းအလုပ်လုပ်တယ် ဒါနဲ့တင်မပြီးဘူး အဆောင်ပြန်ရောက်ရင်လည်း တယောနဲ့ပဲ အချိန်ထပ်ကုန်နေပြန်တယ် အပြင်လောကမှာ ဘာတွေဖြစ်နေလဲဆိုတာရောသိရဲ့လား ကျန်းသခင်လေး"
"ဟား ဟား အနုပညာမေဂျာယူထားမှတော့ တယောနဲ့ပဲနေရမှာပေါ့ အကိုရ"
ကျန်းဟောက်က ခပ်ဟဟရယ်ရင်းပဲ အကိုဂျီအွန်းကို အဖြေပြန်ပေးသည် ။
"ငါ စီနီယာတစ်ယောက်အနေနဲ့ အမိန့်ပေးတယ် ဒီနေ့ပွဲကို မင်းလိုက်ရမယ်"
ကျန်းဟောက်ဟာ Korea University ရဲ့ အနုပညာမေဂျာ ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်သည် ။ Introvert ပီပီ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေရသည်ကို ပိုသဘောကျသည် ။ တက္ကသိုလ်တက်နေစဉ် စာကိုပဲ အာရုံစိုက်ချင်သည် ။
"ဟုတ်ပါပြီ ကျွန်တော်လိုက်ခဲ့ပါ့မယ်"
ဒီလိုနဲ့ပဲ ကျန်းဟောက်တစ်ယောက် လူရှုပ်တာကို မကြိုက်လှသော်လည်း ဆူညံပြီးစိတ်ရှုပ်စရာကောင်းသည့် Fresher Welcome သို့ ရောက်လာခဲ့ရသည် ။ တချို့လူသစ်ကလေးများက ကျန်းဟောက်ကို စီနီယာမှန်း သိကြ၍ ရိုရိုသေသေဆက်ဆံကြသည် ။ ကျန်းဟောက်ကတော့ လာနှုတ်ဆက်တဲ့သူတွေကို ဝတ်ကျေတန်းကျေပြန်နှုတ်ဆက်ပြီး လာချပေးထားတဲ့ဘီယာတစ်ခွက်ကိုသာ ဖြေးဖြေးချင်းသောက်နေသည် ။
ကျန်းဟောက်က အများကြီးသောက်နိုင်တဲ့လူစားမျိုးမဟုတ်တာကြောင့် ခဏကြာတော့ Alcohol ဓာတ်ကပြလာပြီး ခေါင်းက ယိမ်းတိန်းတိန်းဖြစ်လာသည် ။ ဘေးဘီဝဲယာကို လိုက်ကြည့်မိတော့ ထောင့်တစ်နေရာမှာ လူတွေတိုးကြိတ်နေတဲ့စားပွဲဝိုင်းတစ်ခုဆီ အကြည့်ရောက်မိသွားသည် ။ လူတွေတိုးနေရတဲ့အကြောင်းအရင်းက အလယ်တည့်တည့်မှာထိုင်နေတဲ့ အမျိုးသားလေးကြောင့်ပဲဖြစ်ရမယ်လို့ ကျန်းဟောက်ကောက်ချက်ချမိသည် ။
ထိုအမျိုးသားက ဘီယာကို ကော်ဖီလိုပဲသောက်ပြီး စကားကို ရေပက်မဝင်အောင်ပြောနေသည် ။ ပြုံးလိုက်ရင်ပေါ်လာတဲ့ပါးချိုင့်က ဆွဲဆောင်မှုရှိသည် ။ သောက်ထားတဲ့အရှိန်ကြောင့် မဆိုသလောက်နီမြန်းနေတဲ့ပါးနှစ်ဖက်ရယ် သွားဖြူဖြူလေးတွေကပံ့ပိုးပေးထားတဲ့အပြုံးတစ်ပွင့်ရယ် ကြယ်တံခွန်လိုမျိုးတောက်ပနေတဲ့မျက်လုံးရယ်ကို ပေါင်းစပ်လိုက်ရင် ထိုအမျိုးသားက လူတကာအားကျရလောက်အောင်ခန့်ညားပါသည် ။
ကျန်းဟောက်ဘဝမှာ ဒီလိုအသေးစိတ်လိုက်ကြည့်ဖူးတဲ့သူက ထိုအမျိုးသားတစ်ယောက်သာရှိဖူးပါသည် ။ ခဏကြာတော့ ကျန်းဟောက်လည်း ထိုနေရာမှာတင် ခေါင်းစိုက်သွားပါတော့သည် ။
ကိုက်ခဲနေတဲ့ခေါင်းကို လက်နဲ့ဖိပြီးတော့ ဆက်အိပ်ဖို့ကြိုးစားပေမယ့် မနက်ခင်းအတန်းရှိတယ်ဆိုတဲ့အတွေးက ခေါင်းထဲဖြတ်ခနဲဝင်လာတာမို့ အိပ်ယာကနေ ကုန်းရုန်းထရတော့သည် ။ ညက အရက်ဆိုင်မှာပဲ အိပ်ပျော်သွားတာကို ကျန်းဟောက်မှတ်မိပါသည် ။ အခုတော့ ဘယ်လိုဖြစ်ပြီး အဆောင်ကိုပြန်ရောက်နေလဲဆိုတာ ကျန်းဟောက်လည်း မတွေးတတ်တော့ပါ ။
အကိုဂျီအွန်းကို မက်ဆေ့ပို့ပြီးမေးကြည့်တော့
*ဂျူနီယာညီလေးတစ်ယောက်ကိုပြန်ပို့ခိုင်းလိုက်တာ မင်းကို နိုးဖို့ကျပြန်တော့လည်း မင်းက ခေါင်းတောင်ထောင်နိုင်မယ့်ပုံမပေါ်လို့ကွာ ငါကလည်း တခြားဂျူနီယာလေးတွေကို ပြန်ပို့ပေးနေရလို့**ဘယ်သူပြန်ပို့ပေးတာလဲ ကျွန်တော့်ကို*
*ဆောင်းဟန်ဘင်း*
*အော်*
ပြန်သာဖြေလိုက်ပေမယ့် အကိုဂျီအွန်းပြောတဲ့သူကို ကျန်းဟောက်မသိပါ ။ နောက်တွေ့ဖြစ်တဲ့အခါ ကျေးဇူးတင်စကားပြောဖို့ နာမည်ကို မှတ်ထားလိုက်သည် ။
-ဆက်ရန်-
တိုနေတာသိပေမယ့် ဒီလောက် အရင်တင်ပေးလိုက်ပါမယ်