ANTHOPHILE (unicode)

1.2K 114 15
                                    

လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်ရင်း လျှောကျလာသောလွယ်အိတ်ကို ပုခုံးထက်ပြန်ဆွဲတင်ပြီးနောက် ခြေလှမ်းများကို အရှိန်တင်လိုက်သည် ။ မနေ့ညက ညလုံးပေါက်မိုးရွာတာမို့ ခေါင်းချသည်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာများ မိုးလင်းတစ်ရေးဖြစ်ရုံမက မိုးလင်းမှန်းပင် မသိလိုက်သည်ထိ ။ အကျိုးဆက်က ရုံးတက်ရက်မှာ ဘတ်စ်ကားမမှီမှာစိုး၍ ယခုလိုအလောသုံးဆယ်ဖြစ်နေရခြင်း ။ အရေးထဲ ဖွားဖွားရဲ့ဖောက်သည်က ကင်ချီဘူးများကို နံနက်ခင်းအမှီလိုချင်သည်ဟု မှာထားပြန်သည်မို့
ဘတ်စ်မှတ်တိုင်နှင့် အနည်းငယ်လှမ်းသည့် ဖောက်သည်၏အိမ်ကို အရင်ပြေးရပြန်သည် ။ မိုးမိလျှင် ခြေဆစ်လက်ဆစ်ကိုက်ခဲတတ်သည့် ဝေဒနာအခံရှိသော အဖွားဖြစ်သူကို အပြင်လည်းမထွက်စေလိုတာမို့ အချိန်ကပ်နေသည့်ကြားမှ ကိုယ်တိုင်ပင် ပါဆယ်ဘူးလိုက်ပို့ပေးမိသည် ။ ထို့ကြောင့် ရုံးချိန်နောက်ကျ၍ ဂျာကြီးဆီမှာ အဆူခံထိဖို့ကလည်း သေချာသလောက် ။ ‌

ဧည့်သည်ကို ဟင်းဘူးများဝင်ပေး၍ ငွေရှင်းပြီးသည်နှင့် ကျေးဇူးတင်စကားဆိုကာ အမြန်ပြန်ထွက်လာခဲ့လိုက်သည် ။ ကိုယ့်အာရုံနှင့်ကိုယ် ဘတ်စ်ကားမှတ်တိုင်ဆီသာ ဦးတည်ပြေးနေမိသဖြင့် ချိုင့်ခွက်ကို သတိမပြုမိဘဲ ရွံ့အိုင်တို့ကို တက်နင်းမိသည်မှာဗွက်ခနဲ ။ရှူးဖိနပ်နှင့် ဘောင်းဘီအနားစမှာ ပေကျံသွားသည့် အညစ်‌အကြေးများကို စိတ်ပျက်လက်ပျက်ကြည့်ရင်း ကျစ်ခနဲစုတ်သပ်မိ၏ ။
ရက်သတ္တပတ်အစ တနင်္လာနေ့မနက်မှာတင် အလွဲလွဲအချော်ချော်စဖြစ်သည်မို့ သိပ်ဘဝင်မကျချင်တော့ ။

ထိုအချိန် အရှိန်မပြယ်ချင်သေးတဲ့ မိုးလေအေးတစ်ချက်က အကြမ်းပတမ်းဖြတ်တိုက်လိုက်တာမို့ အမည်မသိပန်းရနံ့တို့က နှာသီးဖျားဝဆီ ဝေ့ကနဲဝိုက်ကနဲ အလုအယက်တိုးဝင်လာတော့သည် ။ အလိုမကျဖြစ်နေသူဟာ စိတ်၏ကြည်လင်မှုအား အနည်းငယ်မျှထိတွေ့လိုက်ရတာမို့ စူးစူးစမ်းစမ်း ရနံ့လာရာလှည့်ရှာကြည့်မိတော့ ‌မနိမ့်မမြင့်စည်းရိုးအဖြူကလေးတွေနှင့် ခြံခတ်ထားသည့် တစ်ထပ်တိုက်အိမ်ကလေးဆီမှ ။ တစ်ခါတစ်ရံ ဖြတ်သွားဖြတ်လာလုပ်လေ့ရှိပေမယ့် ပန်းပင်ကလေးတွေ အတော်အသင့်ပျိုးထားသည့် ထိုအိမ်ကိုသတိမမူမိခဲ့ ။
"ယောက်ျားလေးတန်မဲ့ပန်းကြိုက်တယ်" ဟူ၍ ဝေဖန်ကြလည်းပဲ ရှိပါစေတော့ ။ စူးရဲရဲ အီလည်လည်ကြီးမဟုတ်‌နေသော ထိုခပ်သင်းသင်းပန်းနံ့တို့ကို နောက်ဆုံးအကြိမ် နှစ်နှစ်ခြိုက်ခြိုက် တစ်ဝကြီးရှူရှိုက်လိုက်ပြီးနောက် အလိုရှိရာဆီ ခပ်သုတ်သုတ်ပြေးထွက်လာခဲ့လိုက်သည် ။ ထိုနေ့ဟာ ဘတ်စ်မှတ်တိုင်နှင့်ပိုအလှမ်းဝေးသည့် လမ်းကလေးကိုမှ အကြောင်းပြချက်ရေရေရာရာမရှိဘဲ တမင်ရွေးလျှောက်မည့် သူ့ရူးနှမ်းခြင်းတို့၏ ပထမဆုံးနေ့ဖြစ်ခဲ့လိမ့်မည် ။

ANTHOPHILE  [ p.s.h × s.j.y ]Where stories live. Discover now