Chapter 8 - တောင်းဆုတို့ပြည့်လေပြီ

21 0 0
                                    

တောင်းဆုတို့ပြည့်ပါစေ (ဝတ္ထုတို)
ဇာတ်သိမ်းခန်း

နောက်တစ်နေ့ ကျွန်တော်ဟိုတယ်မှာရှိနေတုန်း အမေ့ဆီက ဖုန်းဝင်လာတယ်။ မျှော်လင့်မထားတဲ့ စကားဖြစ်တဲ့ "သားအဖေ အသည်းအသန်ဖြစ်နေတယ်"တဲ့။

ကျွန်တော်သိသလောက်တော့ အဖေ့မှာဘာရောဂါမှရှိတာမဟုတ်ဘူး။ ဒါပေမဲ့ စိတ်ပူနေတဲ့အတွက်ကြောင့် အိမ်အပြန်ရထားလက်မှတ်ဝယ်ပြီး ကျောင်းတက်နေတဲ့ ဘီမြို့ကနေ မွေးရပ်မြေအေမြို့လေးဆီ ပြန်လာခဲ့တယ်။

ရထားပေါ်မှာတော့ ကျွန်တော်အခုကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုစီကို ပြန်စဥ်းစားနေမိတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး အမှားတွေပဲတောက်လျှောက်လုပ်ခဲ့တာ အခုအချိန်အထိပဲ။

ကျွန်တော့်ဘဝက ကျွန်တော့်မိဘတွေသာမရှိခဲ့ရင် စုတ်ပြတ်​သတ်နေလောက်ရောပေါ့။ အဲဒီနေ့​က တွေ့ခဲ့တဲ့ အိမ်ရာမဲ့အမူးသမားကမှ ကျွန်တော့်ထက်အခြေအနေပိုကောင်းလောက်သေးတယ်။

မဆီမဆိုင် လက်ကတက်တူးကိုကိုင်ကြည့်ရင်း ကျွန်တော်မေးမိတာက "ဘေလီရယ်၊ ငါ့မှာသက်တမ်းဘယ်လောက်ကျန်သေးလဲ။" ဆိုတာပဲ။

သူပြန်ဖြေတာကတော့ "ဆယ်နှစ်လေ။"တဲ့။ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတဲ့ ကျွန်တော့်အတွက်တော့ ဆယ်နှစ်ဆိုတာ မများတော့ပါဘူး။ အသုံးမဝင်တဲ့ အရာတချို့အတွက် ကျွန်တော့်အသက်ကို ဖြုန်းခဲ့မိတယ်မဟုတ်လား။

ကျွန်တော်ဖုန်းကိုထုတ်လိုက်ပြီး မက်ဆေ့ဂျာဖွင့်လိုက်တယ်။ ကျွန်တော့်ရင်ထဲ မွန်းကျပ်နေတာတွေကို တစ်ယောက်ယောက်ဆီ ရင်ဖွင့်ချင်မိတယ်။ ခါတိုင်းဆိုရင်တော့ ယမင်းနဲ့အတူညတိုင်း မက်ဆေ့ပို့နေကျ။ ဒါပေမဲ့ မနေ့က ဖြစ်ခဲ့တဲ့အကြောင်းကို ကျွန်တော်ပြန်တွေးမိတော့ အလိုလိုနေရင်း စာပို့ရမှာကို ကြောက်လာတယ်။

"သူငါ့ကို စကားမပြောချင်တော့တာလည်း ဖြစ်နိုင်တာပဲလေ။" ကျွန်တော့်ဘာသာ ရေရွတ်မိပြန်တယ်။

လူတစ်ယောက် ကျွန်တော့်ဘေးမှာလာထိုင်တာကို ကျွန်တော်ခံစားမိတယ်။ လှည့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းပဲ အနက်ရောင်ဝတ်စုံနဲ့လူပါ။ ဘေလီရယ်ကတော့ အဲဒီလူရောက်လာတာနဲ့ ကျွန်တော့်ကိုထွက်ပြေးဖို့ အပြင်းအထန်တိုက်တွန်းနေပေမဲ့ အနက်ရောင်ဝတ်စုံနဲ့လူက ရန်သူမဟုတ်မှန်း ကျွန်တော်သိနေပြီးသားမဟုတ်လား။

Prince of Dark NightWhere stories live. Discover now