unicode
အိပ်ရာပေါ်မှာ အသက်မျှင်းမျှင်းသာရှူနေတဲ့ဂျောင်ဝန်းသည် အသက်မဲ့နေတဲ့ မျက်ဝန်းတွေနဲ့ အခန်းတစ်ခန်းလုံးကို ခြုံကြည့်လိုက်သည်။ အခန်းတစ်ခုလုံးသည် အလုံပိတ်အခန်းလိုမျိုး အပြင်ကအလင်းရောင်တောင် တိုးဝင်လို့မရအောင် မှောင်မိုက်နေပြီး ဝါကျင့်ကျင့် မီးအလင်းရောင်သာမရှိလျှင် အတိမှောင်မိုက်တော့မည့်ပုံပင်။
လေဝင်ပေါက်တောင်မရှိတဲ့အခန်းထဲမှာ ဂျောင်ဝန်းရဲ့အသက်ရှူသံလေးသာ တိုးရိပ်ရိပ်ကြားနေရပြီး ကျန်တာသည် တိတ်ဆိတ်နေခဲ့သည်။
ခေါင်းအုံကိုမှီနေတဲ့ဂျောင်ဝန်းသည် အတွေးလွန်နေသည့်အတိုင်း ငြိမ်သက်နေသည်။ ဂျောင်ဝန်းသည် အညိုရောင်အင်္ကျီလက်ရှည်က်ိုဝတ်ထားပြီး ဖွေးစွပ်နေတဲ့ အသားအရောင်တွေက နေရောင်ကိုမထိဖူးသလိုမျိုး ဖြူဖျော့နေပြီး မျက်ကွင်းညိိုညိုတွေက မျက်နှာနုနုလေးတွင် ထင်းလျက်။ အညိုရောင်ဆံနွယ်တွေက တစ်ခါမှ မဖြီးသင်ထားဖူးသည့်အတိုင်း ဖွာလန်ကျဲနေကာ မျက်နှာဟာလည်း သာမန်လူတွေထက် ချောင်ကျနေသည်။ လေတိုက်ရုံနဲ့ လွင့်မျောတော့မဲ့ စက္ကူပါးပါးလေးလိုမျိုး ပိန်လှိီနေတဲ့ ကိုယ်သေးသေးလေးဟာ အိပ်ရာကျယ်ကျယ်မှာ သေးငယ်စွာ ရှိနေသည်။
ထိုငြိမ်သက်နေသည့် ကိုယ်သေးသေးလေးသည် အောက်ထပ်က ခပ်ဖွဖွတက်လာတဲ့ ခြေသံတစ်ခုကို ကြားတာနဲ့ တဆတ်ဆတ်တုန်လှုပ်လာတော့သည်။ မှိုန်ကျနေသည့် ပယင်းရောင်ဖျော့ဖျော့ မျက်ဝန်းအိမ်တွေကဟာ လှုပ်ရှားသွားသည်။ တဒိတ်ဒိတ် ခုန်လာတဲ့နှလုံးခုန်သံတွေက တစ်ခန်းလုံး ဟိန်းမတတ်။
" သူလာပြီ။ " ဆိုတဲ့စကားတစ်ခွန်းကို နှုတ်ဖျားကနေ အကြိမ်ရေမက ရေရွတ်နေပြီး တုန်လှုပ်ချောက်ခြားနေသည့် ဂျောင်ဝန်းသည် ဂွမ်းစောင်ကြီးကို မျက်နှာအထိ အုပ်မိုး ဖုံးအုပ်လိုက်ရင်း မျက်လုံးလေးသာဖော်ထားသည်။
ပယင်းရောင်တောက်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးဟာ ခြေသံလာရာ ကျွန်းသားတံခါးနားကို ကြည့်နေပြီး ခြောက်ကပ်နေသည့် နှုတ်ခမ်းဖျားပါးပါးတွေကို သွားဖြင့် သွေးထွက်တော့မယောင် တတိတိကိုက်ဖြတ်ရင်း ခြေသံတွေကို သူအခန်းထဲသို့ မဦးတည်စေဖို့ တတ်နိုင်သလောက် ဆုတောင်းနေသည်။