"အားးးးးး"
မနက်မိုးလင်းလင်းချင်း ဆူညံနေတဲ့အိမ်ပြပါဆိုရင် ကျနော့်အိမ်ကို လက်ညှိုးထိုးကြမှာမလွဲဧကန်ပင်။
အိပ်ရာနိုးနိုးချင်း ခြေထောက်ချလိုက်တာ အရိုးတောင်ကျိုးသွားပြီလား မှတ်ရသည်။ခြေထောက်မှာညှပ်နေတာ ကြွက်ထောင်ချောက်ကြီး။
ဟိုလူလက်ချက်ပဲဖြစ်ရမည်။တနေ့တမျိုးမရိုးရ။သူပဲတတ်နိုင်လွန်းသည်။
ဒီတခါတော့ နည်းနည်းလွန်သွားပြီ။ကျနော်က အလျော့ပေးလွန်းလို့ ပိုဆိုးလာတာလားမသိတော့။
ကြွက်ထောင်ချောက်ကို ဖြုတ်ကာ ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။ပြီးတာနဲ့ မီးဖိုထဲသွားလိုက်တော့ နားကြပ်တပ်တာ တစ်ကိုယ်လုံးယိမ်းခါနေပြီး မနက်စာပြင်နေသူ။
ဘာမှမပြောဘဲ ရေနွေးဘူးယူကာ ကော်ဖီဖျော်လိုက်ပြီး ဧည့်ခန်းထဲသာထွက်ခဲ့လိုက်သည်။
ကျနော်လုပ်နေတာကို လိုက်ကြည့်ပြီး ကြောင်တောင်တောင်လေးဖြစ်နေသူ။ ခါတိုင်းဆို ကျနော်က သူစနောက်တိုင်း အမြဲတမ်းသူ့ကို ပြန်စတတ်တာမျိုး။ဒီမနက်တော့ နည်းနည်းလွန်ပြီဟု ခံစားရသည်။
ဧည့်ခန်းမှာ ကော်ဖီထိုင်သောက်ပြီး ဖုန်းသုံးနေတော့ အနားကပ်ကာ ဝင်ထိုင်ပြီး
"သူရဇ္ဇ"
မေးဆတ်ပြလိုက်တော့
"စိတ်ဆိုးသွားတာလား။အများကြီးနာသွားလို့လား။ ဟင်"
"ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ရင် ငါ့ကိုဘာလို့စကားမပြောတာလဲ။"
"ဒီတိုင်းပဲ"
"ဘာ ဒီတိုင်းပဲလဲ။ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ မင်းယောကျာ်းမဟုတ်ဘူးလား။အမှန်အတိုင်းဝန်ခံလိုက်လေ"
"ဟုတ်တယ်ဗျာ စိတ်ဆိုးတယ်။အိပ်ရာနိုးနိုးချင်း အဲလိုကြုံရတာဘယ်သူကစိတ်မတိုဘဲနေမှာလဲ စဉ်းစားကြည့်လေ"
"မင်းကလည်း စတာကို"
"ခင်ဗျားစတာလည်း ကြည့်လိုက်ဦးလေ။ကျနော့်ခြေထောက်တောင် အစင်းရာထင်သွားပြီ"