ရွာကလေးကား ရှေးယခင်က ကြီးကျယ်စည်ကားခဲ့ဖူးကြောင်းကို အိုမင်းနေပီဖြစ်သည့် ကြီးမားခန့်ညားသော ဘုန်းတော်ကြီးကျောင်း ၊ ကျွန်းသားတိုင်လုံးကြီးများဖြင့် ဆောက်ထားခဲ့စေကာမူ ယိုင်နဲ့နေပီဖြစ်သည့် ဇရပ်ကြီးတို့က သက်သေခံ၍သာ ရှေးယခင်က ရွာကြီးတစ်ရွာ ဖြစ်ခဲ့ဖူးကြောင်းကို ကျောင်းဆရာမလေး " မခင်ရွှေ"က စဉ်းစားယူရသည်။ယခု "မခင်ရွှေ" မျက်မြင်တွင်ကား မူလတန်းကျောင်းလေးတစ်ကျောင်း ဖွင့်နိုင်ရုံမျှသာ အသင့်အတင့် အိမ်ခြေရှိသော ရွာတစ်ရွာမျှသာ ဖြစ်နေသည်။
"မခင်ရွှေ"ကား မိဘဆွေမျိုး အားကိုးစရာ အထောက်အခံ ကင်းမဲ့ရှာသူဖြစ်သည့်အလျောက် အခြေခံပညာရေးအထက်တန်းကို ဂုဏ်ထူးနှစ်ခုဖြင့် အောင်မြင်ရန် ဖြစ်ဖြစ်မြည်အောင် ကြိုးစားလာခဲ့ ရရှာသည်။
အောင်မြင်ပါသော်လည်း တက္ကသိုလ်နယ်မြေကို အနားသီရန် စိတ်ပင်မကူးဝံ့သည့် အခြေအနေကြောင့် ဆရာဖြစ်သင်တန်းလျှောက်ကာ သင်တန်းတက်ခဲ့ရသည်။မူလတန်းပြဆရာမ လက်မှတ်ရသောအခါ ဤရွာကလေးသို့ တာဝန်ထမ်းဆောင်ရန် အမိန့်ကျခဲ့သည်။ ရွာကလေးက သွားလမ်းလာလမ်း အလွန်အမင်း ခက်ခဲခြင်းက မဖြစ်ပေ။ မြို့ကြီးပြကြီးနှင့်တော့ အတန်ငယ်ကွာဝေးသည်။
" ဟိုတစ်ချိန်ကတော့ သိပ်စည်ကားတဲ့ ရွာကြီးပါဘဲ ၊ အဲ့ဒီအချိန်က မော်တော်ကားလမ်းက ရွာဘေးနားကပ်နေတော့ စည်ကားခဲ့တာပေါ့ ၊ အလယ်တန်းကေျာင်းတောင် ရှိခဲ့ဖူးတယ်။ စစ်ပြီး ဒီဘက်ခေတ်မှာတော့ အဲ့ဒီ မော်တော်ကားလမ်းကို မသုံးတော့ဘဲ အခု လမ်းအသစ်ဖောက်ထားတာကိုဘဲ အစိုးရက သုံးတော့ ရွာလည်း အလိုလိုကောပီး သွေ့ခြေက်သွားရတယ်လေ၊ အလယ်တန်းကျောင်းပျက်ပီး မူလတန်းကျောင်းတောင်မှ အနိုင်နိုင် ကျန်ရစ်တာကလား။ ဒါပေမယ့် ရွာကလေးကတော့ သာယာပါတယ်။ တူမကြီးက ထူးထူးဆန်းဆန်း အဖြစ်ကလေးတွေ သိချင် ၊ ကြားနာချင် ၊ မှတ်သားချင်တဲ့ ဝါသနာပါသူဆိုတော့ ဒီရွာကလေးနဲ့ အံကိုက်ပေါ့။ အခုခေတ်လူတွေအနေနဲ့ မယုံရင် ပုံပြင်မှတ်လို့ ပြောရမယ့် အဖြစ် ထူးထူးဆန်းဆန်းကလေးတွေ ရှိသကွယ့်"
မခင်ရွှေ အမှုထမ်းတာဝန်ယူရမည့် ရွာကလေးမှာ မွေးရာဇာတိဖြစ်ပီး ယခု မြို့ပေါ်မှ ပညာရှိဌာန အရာရှိ ဖြစ်နေသူ ပုဂ္ဂိုလ်ကြီးက မ င်ရွှေ စိတ်မပျက်၊ အားမငယ်ရန် စိတ်ဝင်စားစရာ စကားဖြင့် အားပေးနှစ်သိမ့်သည်။
ရွာကလေးနာမည် " ရေပြာအိုင်" ဟု သိရသည့်အချိန်က "ရွာနာမည်လေးက အေးချမ်းလိုက်တာ"ဟု မခင်ရွှေ ပြောမိသည်။ ယခု ဤရေပြာအိုင် ရွာကလေးသို မူလတန်းကျောင်းဆရာမ အဖြစ် မခင်ရွှေ ရောက်လာပီ ဖြစ်၏။
သဘောကောင်းသော ရွာသူရွာသားတွေ၏ စီစဉ်ပေးချက်အရ ရွာဦးထိပ် ဘုန်းတော်ကြီးကျောင်းနှင့် မလှမ်းမကမ်း ခြံကျယ်ကြီးမှာ ရှေးဆန်ဆန် ဆောက်ထားသည့် သစ်သားအိမ်တစ်အိမ်မှာ မခင်ရွှေ နေထိုင်ရသည်။
အိမ်က ဟောင်းနွမ်းသော်လည်း ခိုင်ခံ့လုံခြုံသည်။ အိမ်သူအိမ်သား များများမရှိချေ။ အသက် ၇၀ ကျော်နေပီဖြစ်သည့် အမယ်အို တစ်ယောက်နှင့် အသက်၅၀ကျော်နေပီဖြစ်သည့် သူ့သမီး သက်ကြီးရွယ်အို သားအမိ နှစ်ယောက်သာ ရှိသည်။ အမေကြီးက မုဆိုးမ၊ သမီးက အပျိုကြီးဖြစ်သည်။ ဤသားအမိ အခြေအနေကား အိုမင်းမစွမ်းအရွယ်ဖြစ်သော်လည်း ကြွေးမြီကင်းကင်းဖြင့် သားအမိနှစ်ယောက် ထမင်းတစ်ဝမ်းကို အေးအေးလူလူ စားနိုင်သော အခြေအနေမှာ ရှိသည်ဟု မခင်ရွှေ အကဲခတ်မိသည်။
မခင်ရွှေက အမေကြီးကို ဘွားဘွား ဟုခေါ်ပီး သမီးကို အမေ ဟုခေါ်သောအခါ အဘွားကြီး သားအမိနှစ်ယောက်လုံး ကျေနပ်ကြသည်။ မိဘဆွေမျိုးကင်းမဲ့ရှာ၍ လိမ္မာသိမ်မွေ့သော မခင်ရွှေကို သားအမိနှစ်ယောက်လုံး ချစ်ကြသည်။
မခင်ရွှေက ရွာမှ ကလေးသူငယ်တွေ၏ ပညာရေးကို စေတနာထက်သန်စွာဖြင့် ဖိဖိစီးစီး ဆောင်ရွက်နေရခြင်းကြောင့် " မယုံရင် ပုံပြင်မှတ်လို့ ပြောရမယ့် ထူးထူးဆန်းဆန်း အဖြစ်အပျက်ကေလးတွေ ရှိသကွဲ့" ဟူသော ပညာရေးအရာရှိ ပြောလိုက်သည့် စကားကိုပင် စိတ်မဝင်စားအား ၊ မလေ့လာအားနိုင်သေးပေ။
ဤရွာကလေးသို့ မခင်ရွှေ ရောက်လာခဲ့သည်မှာ ခြောက်လကျော်အချိန်သို့ တိုင်လေပီ။ ဝသန်ရာသီ ပြောင်းကြွ၍ ဟေမန္တတွင်း ချဉ်းနင်းသည်တွင် မြောက်ပြန်လေညင်းက ငွေနှင်းမှုန်တွေ ဖွေးဖွေးဖြင့် အအေးဓာတ်ကို ထပ်လောင်းလာသောအခါ တောရိပ် တောင်ရိပ်ဖြင့် မှိုင်းမှိုင်းညို့ညို့ရှိသော ရေပြာအိုင် ရွာကလေးသည် စိမ့်အေးလှအောင် ချမ်းလှသည်။
ဤမျှ ချမ်းအေးလှသောအချိန်ဝယ် ဘွားဘွားနှင့် အမေသည် မွှေးကြိုင်သော ပန်းတွေ၊ နံ့သာတွေ၊ ဖယောင်းတိုင်တွေကို ရှေးခေတ်သုံး ဘဲဥပုံသဏ္ဌာန် ကြေးဖြင့် သွန်းထားသည့် မနောလင်ပန်းကြီးထဲသို့ တရိုတသေ ထည့်နေကြသည်။ အချိန်က နံနက်ငါးနာရီ ဖြစ်၏။ ဆောင်းရာသီမှာ ဤအချိန်သည် အလင်းရောင် လုံလောက်အောင် မရသေးပေ။အမှောင်က လွှမ်းမိုးနေဆဲပင် ဖြစ်သည်။
"ဘွားဘွားနှင့် အမေ ဘုန်းကြီးကျောင်း သွားမလို့လား"
အိမ်အပြင်ထွက်မည့်အတွက် အနွေးထည်ဝတ်၊ မျက်နှာသုတ်ပုဝါ ဦးခေါင်းဝတ်ထားကြသည့် အဘွားကြီးသားအမိကို အိပ်ရာမှ စောစောထလေ့ရှိသည့် မခင်ရွှေက မေးမိသည်။
" ဘုန်းတော်ကြီးကျောင်းကို မဟုတ်ဘူး ဆရာမလေးရဲ့၊ သားကို သွားပူဇော်မလို့"
အမေကြီးကပြောရင်း ကြေးလင်ပန်းကို ယူက ဦးခေါင်းထက် ရွက်ရန် အားထုတ်နေသောအခါ သမီးဖြစ်သူက....
" အမေ မရွက်နဲ့၊ ကျွန်မ ရွက်မယ် ၊ မောင်လေးကို ပူဇော်ဖို့ သွားရင် ကျွန်မ ရွက်နေကျပါ အမေ"
ဟု ဆိုပီး လင်ပန်းကို ပြန်ယူသည်။
" ဘွားဘွား သားက သာသနာ့ဘောင်မှာလား"
သူတို့ သားအမိ စကားကို ကြားရသော မခင်ရွှေက အပူဇော်ခံမည့် သူတို့မောင်၊ သူတို့သားသည် သက်န်းဝတ်သူ ရဟန်းသံဃာဖြစ်မည်ဟု တွေးပီး မေးလိုက်ခြင်း ဖြစ်သည်။
"မဟုတ်ပါဘူး ဆရာမလေးရယ်၊အဲ.......သာ့သနာဘောင် မဝင်ခဲ့ရပေမယ့် အပူဇော်ခံထိုက်အောင် မြင့်မြတ်လို့ သွားပူဇော်မှာပါ"
အမေကြီးက ဖြေသည်။
"အပူဇော်ခံထိုက်အောင် မြင့်မြတ်လို့...."
အမေကြီးစကားအတိုင်း မခင်ရွှေက တိုးတိုးရွတ်လိုက်သည်။မည်သည့်အတွက် အပူဇော်ခံထိုက်ကြောင်းကိုမူ မခင်ရွှေ နားမလည်နိုင်ပေ။ သူတို့သားအမိ ပြောအတိုင်းဆိုသော် သူတို့သား၊ သူတို့မောင်သည် ရဟန်းသံဃာမဟုတ်ကြောင်းကား သေချာနေသည်။ထိုသို့ဖြစ်လျှင် လူသူတော်ပေလား၊ယောဂီဝတ်ပီးတရားအားထုတ်နေလေသလား၊ အဓိဌာန်ဝင်ပီး ဂူအောင်းနေေလသလား ဟု မခင်ရွှေက အမျိုးမျိုး တွေးနေသည်။
ဒုတိယပိုင်းသို့❤️❤️❤️❤️❤️
🙏🙏စာလုံးပေါင်းသတ်ပုံမှားရင် တောု်းပန်ပါတယ်ဗျ🙏🙏🙏
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
အားလုံးဘဲ သာယာသော နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ😘😘😘
စိတ်ညစ်နေသလား 😥
စာအုပ်တစ်အုပ်လောက်📗
ယူပီး ဖတ်လိုက်ပါ📖
အနည်းဆုံးတော့ 🤗
စိတ်သက်သာရတာပေါ့🤗🤗
" စာအုပ်စာပေ လူ့မိတ်ဆွေ"
YOU ARE READING
ရေပြာအိုင်မှ ဇာတ်လမ်းများ
Truyện Ngắnစာရေးသူ ဆရာမ မဝင်းမြင့်၏ စာအုပ်များထဲမှ ကျွန်တော် အကြိုက်ဆုံး စာအုပ် ဖြစ်ပါသည်။ မူရင်းရေးသားသူ စာရေးဆရာမအား ဂါရဝပြုအပ်ပါသည်🙏🙏🙏