အပြင်မှအသံများဝင်နိုင်စေရန် နှစ်လက်မခန့် ဖွင့်ထားသည့် မှန်ပြတင်းမှတစ်ဆင့် တဝုန်းဝုန်းရွာသွန်းနေသောမိုးစက်တို့၏ မာန်ဟီးသံကို စက်ဆုပ်ဖွယ်ကြားနေရသည်။
ကျွန်မ၏ အဝတ်မဲ့ခန္ဓာကိုယ်ထက်လွှမ်းခြုံထားသည့် စောင်ပါးလေးကို လက်နှစ်ဖက်နှင့်ရင်ဘတ်ရှေ့စုကိုင်လိုက်ပြီး တိုးဝင်လာသော မိုးသက်လေအဟုန်ကြောင့် ခန္ဓာကိုယ်ဟာ အနည်းငယ်တုန်ယင်သွားရသည်။ကုတင်ရှိရာဘက်ကို တစ်ချက်လှည့်ကြည့်မိတော့ အခန်းမီးရောင်မှိန်မှိန်အောက်မှာ ကုတင်ထက်စောင်ဖြူဖြူတို့အောက်၌ နှစ်ခြိုက်စွာအိပ်မောကျနေသည့် အမျိုးသမီးကိုထင်းလင်းစွာမြင်နေရ၏။
မိုးသံတို့ကြားမှ ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာသည့် မိုးခြိမ်းသံကြောင့် ပြတင်းပေါက်မှန်တံခါးကို ကျွန်မလျင်မြန်စွာပင်ပိတ်လိုက်မိပြီး ကုတင်ထက်မှအမျိုးသမီးကို ပြန်လှည့်ကြည့်မိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်သည့်အတွက် သက်ပြင်းဖွဖွချလိုက်ကာ တိုးဖွသောခြေသံတို့နှင့် ထိုအမျိုးသမီးအနား တိုးကပ်လာမိသည်။
"ကောင်းကောင်းအိပ်ပျော်နေတာပဲ သိပ်ကိုပင်ပန်းသွားတယ်ထင်ရဲ့"
မျက်ဝန်းတို့မှိတ်ထားသည့်တိုင် ရှည်လျားသောမျက်တောင်ရှည်တွေ၊ထင်းနေသော မျက်ခုံးနက်နက်တို့နှင့်အတူ ဆွဲဆောင်မှုရှိစွာလှပနေမြဲဖြစ်သော ထိုအမျိုးသမီး၏မျက်နှာထက်ကို ကျွန်မလက်ချောင်းတို့ ခပ်ဖွဖွယှက်ပြေးနေမိသည်။
"အစ်မက သိပ်ကိုယစ်မူးစရာကောင်းတာပဲ "
အစ်မခန္ဓာကိုယ်မှ မည်သို့သောအားထုတ်လှုပ်ရှားမှုမှရှိမနေသည့် ယခုလိုအိပ်စက်နေချိန်များမှာပင် ကျွန်မမှာ အစ်မကိုကြည့်၍ မြတ်နိုးလိုက်တာဟုသာ တဖွဖွပြောချင်သည်အထိ အစ်မကို ကျွန်မသိပ်မြတ်နိုးသည်။
အတူရှိရချိန်လေးမှာ စင်တီမီတာမျှအကွာအဝေးကိုပင် မလိုချင်သောကြောင့် ကျွန်မခန္ဓာကိုယ်ပေါ်၌ခြုံထားမိသည့်စောင်ကို ကြမ်းပြင်ထက်ပစ်ချလိုက်သည်။
ထို့နောက် အဝတ်မဲ့ခန္ဓာကိုယ်နှင့်ပင် အစ်မခြုံထားသည့်စောင်အောက် တိုးဝင်ကာ အစ်မ၏ခါးကို လက်တစ်ဘက်နှင့် ခပ်ဖွဖွဖက်၍ မီးရောင်အောက်မှာမြင်နေရသည့် အစ်မနှာခေါင်းလုံးလုံးလေး၏ ညာဘက်အောက်နားမှ မှည့်နက်ကလေးကို နှုတ်ခမ်းဖျားနှင့်တို့ထိရုံမျှ ခပ်ဖွဖွနမ်းလိုက်မိသည်။
YOU ARE READING
ဆုတောင်းခွင့်သာ ရမည်ဆိုလျင်....
Short Storyအတ္တတွေက လူပေါင်းများစွာကိုသတ်နိုင်တဲ့ အဆိပ်လက်နက်ပဲတဲ့။အဲ့ဒီလက်နက်တွေကို ကိုယ်တိုင်ဖန်တီးမိနေသလား ပြန်စဉ်းစားကြည့်ကြရအောင်....... Oo