Unicode Version
" ဂျို! "
ခပ်ဝေးဝေးက လှမ်းအော်ခေါ်နေတဲ့ အဖေ့ရဲ့ အသံကိုကြားရတယ်။
မနက်ခင်းအစရဲ့ ပင်လယ်လေပြည်ဟာ နွေးတစ်လှည့်အေးတစ်လှည့်။ လှိုင်းရိုက်ခတ်သံတွေကြားမှာ ပင်လယ်ပျော်ငှက်တွေရဲ့အသံက ဟိုတစ်စဒီတစ်စနဲ့။ သဲသောင်ပြင်ဟာ သိပ်ပြီးတော့ သက်တောင့်သက်သာမရှိလှ။ ဒါပေမယ့် လွတ်လပ်မှုကိုတော့ ခံစားရတယ်။
" အာဆာကူရာဂျို! "
" ဗျာ "
အဝေးကြီးကနေ သူ့ကိုရှာရင်း ပြေးလာပုံရတဲ့ အဖေက မောဟိုက်နေဟန်။ ဘာမှဆက်မပြောသေးဘဲ ဒူးနှစ်ဖက်ပေါ် လက်ထောက်ရင်း အမောဖြေတယ်။
" ဘာတွေ ပေါက်ကရလုပ်ဖို့စဉ်းစားနေတာလဲ "
အမောပြေသွားပုံရတဲ့ အဖေဟာ သဲသောင်ပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ သူ့ကိုကြည့်ရင်း မေးလာတယ်။ မျက်မှောင်ကြုတ်ထားပြီး ခပ်မာမာဖြစ်နေတဲ့ လေသံအရတော့ အခုအချိန်မှာ အဖေဟာ သူ့အပေါ်ကို စိတ်ကြည်နေပုံမပေါ်။ အခုအချိန်မှ မဟုတ်ပါဘူး။ အမြဲတမ်းလိုလို အဖေက သူ့ကိုစိတ်မကြည်နေခဲ့တာပဲ။
" ဘာမှမလုပ်ပါဘူး "
အပြုံးတွန့်တွန့်တစ်ခုနဲ့ သူဖြေလိုက်တယ်။ အဖေဟာ သူ့ကိုယုံကြည်ပုံတော့မရပေမယ့် ဘာမှတော့ ဆက်မပြောလာတော့ဘူး။
" ထ အိမ်ပြန်ကြမယ် "
" ကျွန်တော် ဒီမှာခဏနေပြီးမှ ပြန်လို့မရဘူးလား "
သူ ပင်လယ်ဘက်ကို တစ်ချက်လှည့်ကြည့်ရင်း မေးလိုက်တယ်။ ပင်လယ်လှိုင်းတွေဟာ မြူးနေတုန်းပဲ။ ငွေရောင်လှိုင်းကြပ်ခွပ်တွေက သူ့ခြေထောက်ကို လာထိခတ်တယ်။
" လေစိမ်းတွေတိုက်နေတယ်။ ဒီမှာ ထပ်နေရင် မင်းဖျားတော့မှာ။ အိမ်ပြောင်းတဲ့ကိစ္စနဲ့ ငါရော မင်းအန်တီရော အလုပ်တွေရှုပ်နေတာ။ မင်းကို မျက်စိဒေါက်ထောက် လိုက်ကြည့်မနေနိုင်ဘူး။ ကိုယ့်အခြေအနေ ကိုယ်သိ ကလေးလိုလုပ်မနေနဲ့။ အခုပြန်မယ် ထ "
အဖေ့ရဲ့ စကားအရှည်ကြီးအဆုံးမှာ သူ သဲသောင်ပြင်ပေါ်ကို လက်ထောက်ပြီးအားပြုရင်း မတ်တပ်ထရပ်လိုက်တယ်။ ထပ်ပြီး ပေကပ်ကပ်လုပ်နေရင် အဖေက သူ့ကိုရိုက်တော့မှာ။ အသက်ပြည့်ပြီးသား ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာတောင် အဖေ့စကားကို ကလန်ကဆန်လုပ်မိတဲ့အချိန်၊ အဖေ သူ့အပေါ် စိတ်တိုင်းမကျတဲ့အချိန်မျိုးဆို အဖေက သူ့ကို ရိုက်တုန်းပဲ။ အရင်တုန်းကတော့ အဲ့လိုအချိန်မျိုးဆို အမေက ကာကွယ်ပေးပေမယ့် အခုအချိန်မှာ အဖေ သူ့ကိုရိုက်ရင် ကာကွယ်ပေးမယ့် အမေက မရှိတော့ဘူး။ အသားအနာမခံချင်ရင် လိမ်လိမ်မာမာနေရတော့မှာပေါ့။
YOU ARE READING
SONG OF THE SEA
RomanceI've never fallen from quite this high Fallin' into your ocean eyes