Unicode
သူ့မှာလေ ချစ်ခွင့်မရှိ
" ချောက် " ( မီးခြစ်ခြစ်သံ )
မိုးစက်မိုးဖွဲလေးတွေကြားမှာ ဖျောက်ခနဲ လှပစွာ တောက်လောက်ပေါ်ထွက်လာသည့် မီးခြစ်ရဲ့ မီးတောက်သေးသေးလေးတစ်ခု။ နှုတ်ခမ်းပါးတွေကြားမှာ ခဲထားသော မီးသေစ စီးကရက်လိပ်လေးကို ထိုမီးတောက်လေး အကူညီနဲ့ ပြန်လည်တို့ငြှိ အသက်ဝင်စေလိုက်ပြီး သူဟာ မိုးဖွာလေးတွေကြားမှာပဲ အဆောင်းအကာမပါ တစ်ယောက်သူကို စိတ်ရှည်စွာ စောင့်လျက်ရှိသည်။
ယနေ့သည် ဇွန်လ ၁ ရက်နေ့ဖြစ်၏ ။
တန်ဖိုးကြီးပေ့ဆိုသည့် ကားအကောင်းစားကြီးကို ကျောမှီထားရင်း သူ နှုတ်ခမ်းထက်မှာ မီးစာကုန် ဘဝတုံးသွားရပြီဖြစ်တဲ့ စီးကရက်လိပ်လေးကို မြေပြင်ချနင်းရင်း ကျောင်းတံခါးပေါက်ဆီ လှမ်းမျှော်ရှုလိုက်သည်။ ကျောင်းဆင်းချိန်ရောက်ပြီမလို့ ကျောင်းဝန်းထဲမှ ယူနီဖောင်းဝတ် ကျောင်းသား၊ ကျောင်းသူကလေးများဟာ ကိုယ်စီကိုယ်စီ အိမ်ပြန်ဖို့ ထွက်လာကြတာကို သူ တွေ့ရ၏ ။ ထိုခါမှ ကားပေါ်က ထီးကို လှမ်းယူပြီး ကျောင်းပေါက်ဝထိ ကြိုတင်သွားရပ်စောင့်နေလိုက်တဲ့ သူ့ပုံစံဟာ အလိုက်သိတာထက် တစ်ယောက်သောသူ၏ ရှာကြံပြီး ငြူစူအပြစ်တင်တက်မှုကို မခံနိုင်သည့်ဟန်။
ခဏအကြာ ဖွေးဖွေးဖြူပြီး ဖြူစင်တဲ့ ယူနီဖောင်းဝတ် ကျောင်းသားလေးတွေကြားမှာ အနည်းငယ် စိတ်အလိုမကျဟန် စူပုပ်ထားတဲ့ မျက်နှာထားနဲ့ ကောင်လေးတစ်ယောက် ပေါ်လာသည်။ နှုတ်ခမ်းထက်က မီးသေစ စီးကရက်လိပ်လေးကို မီးတောက်လေး တစ်ခုနဲ့ ပြန်ငြှိအသက်ကူရသလို အသက်မဲ့နေတဲ့ သူ့ရင်ဘတ်ထဲက နှလုံးသားလေးကိုလည်း ထိုကောင်ငယ်လေးက လှပတဲ့ မီးတောက်လေးတစ်ခုအသွင်နဲ့ သူ့အချစ်တွေကို လှုပ်နှိုးနိုင်ခဲ့သူပင်။ အမှန်ပင် သူ့နှလုံးသားမြေမဟီဝယ် ယခုတိုင် တောက်လောင်နေဆဲ မီးတောက်လှလှလေးလို ကလေးငယ်ဖြစ်ပါသည်။
" ကျစ်... ဆေးလိပ်တွေ သောက်ထားပြန်ပြီ "
သူ ဆောင်းမိုးထားသည့် ထီးအရိပ်အောက်လေးထဲ ရောက်ရောက်ချင်း အလိုမကျဟန် မျက်လုံးလေးတွေက စူးရဲနေကာ သူ့ကို စိုက်ကြည့်လျက်ဆိုသည်။ လီမာ့ခ်ဟာ ထိုမျက်လုံးလေးတွေရဲ့ အရိပ်အကဲကိုကြည့်ပြီး အမိန့်နာခံရတဲ့သူပါလေ။ သို့ဖြစ်၍...
