ချစ်သောအပါး ကာနေးရှင်းတွေဝေခဲ့တယ်
မိုးဦးရာသီရဲ့ သာမန်နေ့လေး တစ်နေ့ပါပဲ။ ရာသီဥတုလေးက ခြောက်နာရီမတ်တင်းအချိန်မှာ ခပ်အုံ့အုံ့ဆိုင်းလို့နေတယ်။ ခြုံလွှာတစ်ထည်လိုကောင်းကင်ပြင်ကတော့ ယနေ့အဖို့ အနည်းငယ်ကလေး မီးခိုးရောင်ဆန်ချင်နေပါတယ်။ ဖိနပ်ကြိုးကိုသေချာချည်ပြီးပြန်မော့ချိန်မှာ ရုတ်တရက်ဝင်လာတဲ့ခပ်ဆန်းဆန်းအတွေးလေးက "ဘယ်သူများမပျော်လို့လဲ"ပေါ့...
လမ်းထဲမှာ စံပယ်ပန်းရနံ့လေးတွေ သင်းနေတယ်။
မနက်ခင်းအစောလေးမှာ စိတ်ကြည်စရာ အမွှေးရနံ့လေးရလိုက်တာဟာ သဘောကျ ကျေနပ်စရာအတိ။ လမ်းထဲက အိမ်တော်တော်များများက ခြံစည်းနားကပ်ပြီး စံပယ်ပန်းရုံလေးတွေစိုက်ထားတတ်ကြတယ်။ ဘာလို့လဲတော့ မသိဘူးပေါ့လေ..။ တစ်လမ်းလုံးနီးပါးစိုက်ထားတာမို့ သူတို့လမ်းဓလေ့ကလေး လိုတောင်ဖြစ်နေပြီကိုး။လက်ထဲမှာ ပါတာ ဆိုလို့ ထီးတစ်လက်နဲ့ ခပ်သေးသေးပိုက်ဆံအိတ်တစ်လုံးသာပါ,ပါတယ်။ ထွက်လာရတဲ့ အကြောင်းကလည်း ဘုရားပန်းဝယ်ဖို့ပဲဆိုတော့ ထွေလီကာလီ ဖြစ်မနေတော့ဘူး။ ဈေးကိုလမ်းလျှောက်သွားမယ်။ မိုးအုံ့နေတာမို့ ဘုရားပန်းဝယ်ပြီးချိန် မတော်လို့များ ရွာချခဲ့ရင် အားပေးနေကြ
ကြီးကြီးသုဆိုင်ဝင်ပြီး ရှမ်းခေါက်ဆွဲစားရင်း မိုးခဏခိုမယ် စိတ်ကူးထားတယ်။ ပြီးရင်တော့ အိမ်ကိုတန်းတန်းမတ်မတ်ပြန်ရမှာပေါ့။ ပြန်ဆို... သူ့အကြောင်းနှောကြေနေတဲ့ အိမ်က ဒေါ်ထိပ်တင်ထားကြီးကလည်း မှာလိုက်တာကိုး "တန်းတန်းသွားပြီးအိမ်ကိုတန်းတန်းမတ်မတ်ပြန်လာခဲ့နော် ကောင်မလေး" ဆိုပြီးလေ ။ ဆိုတော့ ဟိုဟိုသည်သည် ခြေရှည်ခွင့်က အလိုလို မရှိတော့ရယ်ပါ။အတွေးထဲအစီအစဉ်ချနေရင်းနဲ့ပဲ ခြေလှမ်းစိပ်စိပ်တွေကို ဘုရားပန်းဝယ်ဖို့ရာ ဈေးဆီဦးတည်ပစ်လိုက်တော့တယ်။
ပန်းဆိုင်မှာ စုံစုံလင်လင် တွေ့ရတဲ့ ဖြူဖြူဝါဝါ အရောင်အသွေးစုံပန်းတွေကြား နည်းနည်းတွေဝေနေမိတယ်။ အိမ်ကလူတွေကလည်း ဘယ်ပန်းရယ်ဘယ်အရွက်ရယ် မပြောဘဲ သူ့စိတ်ကြိုက်ဝယ်ခဲ့ဖို့ပဲမှာလိုက်တာမို့ ပြီးပြီးရောဝယ်ချင်စိတ်လည်းမရှိလှနဲ့တော့ ခက်ပြီ။