Unicode
အခန်း (၅) - အိုး ... ပန်းတွေနဲ့ ဝေဟေဟေ ...
ဘတုတ် မနုဿမျက်နှာ ချောချောကို မော့ကြည့်ရင်းခပ်မိုက်မိုက်ဟန်ဖြင့် ပြုံးပြလိုက်သည်။
" သိပ်လည်း ရင်ခုန်သွားဖို့မလိုပါဘူးလေ အဟွန်း ... ဒါအစပဲရှိသေးတာပါ အာ ... အဲ့လောက်ကြီးလည်းမငေးပါနဲ့လေ ကိုယ့်လူ၊ ကျုပ်ချောမှန်းကျုပ်သိပါတယ် ... ဟဲဟဲ လူတွေရှေ့မှာဆိုတော့ ကျုပ်လည်းရှက်တာပေါ့ "
သူ့ကို ကြောင်အ စွာဖြင့်ပါးစပ်အဟောင်းသား ငေးကြည့်နေသူကြောင့် ဘတုတ် ကျေနပ်သွား၏။ ဒင်းနောက်ဆုံးတော့ မိုက်ကယ်ဘတုတ်ရဲ့ဆွဲဆောင်မှုတွေကို ဆက်တောင့်မခံနိုင်တော့တာပဲဖြစ်ရမည်။
မနုဿမှာတော့ တကယ်ပင် ပါးစပ်အဟောင်းသားနှင့် အိန္ဒြေပျက််လောက်အောင်သာ အံ့သြမိနေပြီး တကယ့် တကယ်ကိုပင် ဘာပြောရမလဲဆိုတာ မသိတော့ပေ။ မနက်စောစောသာရှိသေးသော်လည်း တက်ကြွသက်ဝင်နေပြီဖြစ်သည့် ရန်ကုန်မြို့ လမ်းမထက်မှလူတွေကတော့ ကဖီးဆိုင်အပေါက်ဝမှာ ရင်ချင်းအပ်ပြီး ပူးပူးကြီးနှင့် ပြူးပြူးကြီး မဖွယ်မရာလုပ်နေကြသည့် သူတို့နှစ်ယောက်ကို စပ်စပ်စုစု ဝိုင်းကြည့်နေကြကုန်၏။
" ခင်ဗျား ... ခင်ဗျား အခုလွှတ်စမ်း "
နှစ်ယောက်စလုံး အရှက်မကွဲစေရန်အလို့ငှာ မနုဿ ထိုလူ့ နားနားကို ကပ်လျက် အံကြိတ်ပြီး ခပ်တိုးတိုးကြိမ်းမောင်းလိုက်၏။ သူအနားတိုးသွားတော့ ဆတ်ကနဲ မသိမသာ တုန်သွားသော ပုခုံးတစ်ဖက်ကြောင့် မနုဿ လှည့်ကြည့်လိုက်သည်။
နေပါဉ်ီး ... ဒီလူ့နားရွက်က အရင်ကတည်းက ဒီလိုမျိုး မွှေးညှင်းနုလေးတွေနဲ့ နီတာရဲ သေးသေးကွေကွေးလေးပဲလား ...
သူ့အကြည့်အောက်မှာပင် ပိုပိုရဲတက်လာသော နားရွက်ဖျားလေးကို မနုဿ အူကြောင်ကြောင်နှင့် ဆက်ကြည့်နေမိတော့၏။
နံရံမှာ ထောက်ပြီး မနုဿကို ချောင်ပိတ်ဖမ်းထားသည့် ဘတုတ်လက်တစ်ဖက်က ညောင်းလာကာတဖြည်းဖြည်း အားလျော့ပြီး ပြုတ်ကျလာတော့မှ နှစ်ယောက်လုံး အသိဝင်လာကြတော့သည်။ မနုဿ ဘတုတ်ကို ရင်ဘတ်ကနေ တစ်ချက် ဆောင့်တွန်းကာ ရပ်ထားသောကားဆီ ခပ်သွက်သွက် သွားပြီး ဝင်ထိုင်လိုက်၏။ မိုက်ကယ်ဘတုတ်ကထွက်ရန်ပြင်နေသော ကားဘေးကနေရပ်ကာ မနုဿလက်ကို ဖမ်းဆွဲထားလိုက်သည်။
YOU ARE READING
မောင်မင်းကိုဘတုတ်သိမ်းမယ်
Romanceပြန်လည်မွေးဖွားလာသော ငွေတိုးချေးသူတစ်ယောက်က သူ့တစ်ဖက်သတ်ချစ်သူ မြို့အုပ်မင်းကို လိုက်ပိုးတဲ့ ၁၉၀၀ ပြည့်နှစ်စတိုင် အချစ်ဇာတ်လမ်းလေးပါ Unicode and Zawgyi both available. Start - 6.8.2023