ဤရိုးရှင်းသော မက်ဆေ့ကို လုံခြုံရေးတာဝါ၏ ရုံးကိုးခုမှ အဘိုးကြီးများသာ မြင်ခဲ့ပါက နှလုံးခုန်ရပ်သွားခြင်းမှ ကာကွယ်ဖို့ အသက်ကယ်ဆေးသောက်ရန် တန်းစီနေရပေလိမ့်မည်။
ချူစစ်ကသာလျှင် ဤစာကို ဖတ်ပြီးနောက် နေရာတွင် မတ်မတ်ရပ်နိုင်သူဖြစ်လေ၏။
သို့သည့်တိုင် သူ့အမြင်အာရုံမှာ မှောင်မိုက်လာပြီး အောက်စီဂျင်ပြတ်လပ်မှုက ပိုဆိုးလာတော့သည်။
ကမ္ဘာဂြိုလ်၏ အပြင်ဘက်တွင် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက တည်ဆောက်ထားသော အာကာသအကျဥ်းထောင်ကား လုံခြုံရေးတာဝါ၏ ကြီးကြပ်မှုအောက်တွင် ရှိပေသည်။ ဤနေရာတွင် ကမ္ဘာဂြိုလ်ပေါ်မှ အန္တရာယ်အရှိဆုံးလူများအား အကျဥ်းချထား၏။ အကျဥ်းသားများအားလုံးသည် အချိန်မရွေးပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးများ ဖြစ်သည့်အလျောက် ဤနေရာအား နတ်ဆိုး၏အကျဥ်းစခန်းဟု ခေါ်သည်မှာ အပိုမဟုတ်ပေ။
ရန်ဆအော့သည်ကား တိုင်းဆ၍ပင် မရနိုင်သော ပေါက်ကွဲမှုပမာဏရှိသည့် ဗုံးတစ်လုံးဖြစ်ပြီး သမိုင်းတွင် ဒုက္ခအပေးဆုံးလူတစ်ယောက်ပင်။
သူ့အား ထောင်ထဲထည့်ရန် ၁၇နှစ်ပင် ကြာခဲ့ရပြီး မည်သို့မည်ပုံ အဖမ်းခံလိုက်ရခြင်းကမူ လူထုအတွက် ပဟေဠိဖြစ်လို့နေသည်။
အနှီလူအား အာကာသအပြင်ဘက်၌ ဖမ်းချုပ်ထားသည့်တိုင် လွန်စွာမှ ဒုက္ခပေးနေသေး၏။ သူရောက်လာကတည်းက ထောင်မှာ ငြိမ်းချမ်းသည့်နှစ်ဟူ၍ပင် မရှိ။ သူ့ပယောဂကြောင့် လုံခြုံရေးတာဝါ ရုံးအမှတ်၅၏ အုပ်ချုပ်သူ ရာထူးမှာ အဆိုးရွားဆုံးရာထူးတစ်ခုဖြစ်လာပြီး သုံးနှစ်ကို အရာရှိတစ်ယောက်ပြောင်းရလေသည်။
ချူစစ်ရောက်လာသောအခါမှ ထိုကျိန်စာကဲ့သို့ဖြစ်နေသောအရာက ပြီးဆုံးသွားခဲ့သည်။
သူ့မတိုင်ခင် တာဝန်ယူရသောအရာရှိများသာ နှုတ်မထွက်ခဲ့ပါက သူ့အသက်အရွယ်နှင့် ဤမျှမြင့်မားသော ရာထူးကို ရလိမ့်မည်မဟုတ်။
ချူစစ်၏ ဆိုးရွားသော မျက်နှာအမူအရာကြောင့် ကြမ်းတိုက်တုတ်က သေနတ်ခလုတ်ပေါ်တွင်ရှိသော လက်ညှိူးကို ကြည့်ပြီး တံတွေးမျိုချလိုက်သည်။
"မင်းကိုကြည့်ရတာ မဟန်ဘူး၊ သတင်းဆိုးတစ်ခုခုများ ရလိုက်လို့လား"