21:34 pm.
ဆိတ်ငြိမ်လှသောမြို့စွန်ရှိ စွန့်ပစ်ခံတိုက်ပျက်ထဲမှ ကျယ်လောင်သော သေနတ်သံများ အဆက်မပြတ်ထွက်ပေါ်နေ၏။
ပျက်စီးနေသော အုတ်နံရံများသည် သွေးစွန်းနေပြီး ကြမ်းပြင်ပေါ်၌ လဲကျနေသော အလောင်းအချို့ရှိသည်။
အနက်ရောင် တိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင်ထားသည့် အိုမီဂါလေးသည် လက်ထဲရှိ ပစ္စတိုကကျည်ဆံကုန်သွားကြောင်း သတိပြုလိုက်မိပြီး ပစ်ခတ်နေရာမှရပ်ကာ နံရံနောက်သို့ ကွယ်လျှိုးပုန်းခိုလိုက်သည်။
အပေါ်သို့ ချွန်တက်သွားသယောင်ရှိသော အနားစွန်းတွေနှင့်မျက်ဝန်းသွယ်က အေးစက်တည်ငြိမ်နေသလောက် အနက်ရောင်သားရေလက်အိတ်အောက်က လက်ချောင်းများက လျင်မြန်ကျွမ်းကျင်စွာ လှုပ်ရှားနေ၏။ ဖြူလွှသောပါးပြင်ထက် စွန်းပေနေသည့် အနီရောင်သွေးစများရှိနေသော်ငြား အိုမီဂါလေး၏ လှပသောပုံရိပ်ကို မမှေးမှိန်သွားစေပါချေ။
ဆောနူ ပစ္စတိုကို ချက်ခနဲမောင်းတင်လိုက်၏။
သူလှည့်ထွက်ရန် ပြင်လိုက်ချိန်တွင် ညာဘက်နားထင်ပေါ်ကျရောက်လာသော အေးစက်မာကျောသည့်အထိအတွေ့တစ်ခု။ ဆောနူ၏ ပယင်းရောင်မျက်ဝန်းတွေက အတန်ငယ်ကျုံ့သွားပြီးနောက် ဘာမှမမှုသည့်အလား ခပ်ဖွဖွပြုံးလိုက်၏။
" တကယ်ကို Knight ရဲ့ အတော်ဆုံးသင်တန်းသားလို့ နာမည်ကြီးနေတာ အလကားမဟုတ်ဘူးပဲ "
ဆောနူ၏ ချီးမွမ်းသလိုအပြောကြောင့် နားထင်ထက် သေနတ်လာထောက်ထားပါသော ခပ်ငယ်ငယ်အယ်လ်ဖာက အတန်ငယ်လှုပ်ရှားသွား၏။ ဤသည်ကိုအခွင့်ကောင်းယူကာ မျက်တောင်စိပ်စိပ်များ ဝန်းရံသော မျက်လုံးသွယ်များက မျက်လွှာချထားရာမှ အပေါ်သို့ ဖြတ်ခနဲမော့ကြည့်လာလေသည်။
" luca သူနဲ့ အကြည့်ချင်းမဆုံစေနဲ့!"
တဖက်အဖွဲ့၏ ကျန်ရစ်သူနောက်တစ်ယောက်ဖြစ်သည့် ဘီတာမိန်းကလေးက အနောက်ဘက်မှအော်ပြောလာသည်။ သို့သော်လည်း နောက်ကျသွားလေပြီ။ ငယ်ရွယ်သော အယ်လ်ဖာသည် သူစိုက်ကြည့်နေသော ပယင်းရောင်မျက်ဝန်းများက တဖြည်းဖြည်း အမှောင်ထုထဲက နီယွန်မီးလိုတမြေ့မြေ့တောက်ပလာတာ ခံစားမိသော်လည်း သူ၏စိတ်က မကြည့်မိစေရန် ထိန်းချုပ်မရတော့ပေ။
YOU ARE READING
Lovers In Crime /Sun x Sun/
FanfictionTake a sip of mint champagne @sunsun @aboworld @oneshot