ဖောင်တိန်ကို ဖိကိုင်ထားခြင်းကြောင့် နုနယ်သော လက်ထိပ်ဖျားကလေးများက အနီရောင်သန်းနေချေ၏ ။
သူ၏ လက်တို့က ဒြပ်စင်ထုတ်ဖော်သည့် ဖော်မြူလာများကို ရေးမှတ်နေသော်ငြား မျက်လုံးအစုံက မှတ်စုစာအုပ်၌ ရှိမနေပေ ။ ထို့အစား သူ့နံဘေးတွင် ထိုင်၍ ဓာတုဗေဒစာအုပ်ကို အာရုံစိုက်ကာ ဖတ်နေသူ၏ မျက်နှာချောချောကိုသာ မကြာခဏဆိုသလို အကြည့်ရောက်နေမိ၏ ။
အနှီသူက မျက်လွှာချထားသည်ကြောင့် ခပ်စိပ်စိပ်မျက်တောင်များက စင်းကျနေ၏ ။ အနက်ရောင် ဘောင်ကွတ်မျက်မှန် တစ်ထောက်နေရာယူထားသော နှာတံမြင့်မြင့်ကို ဘေးဘက်မှမြင်ရသည်က အလွန် မျက်စိပသာဒရှိလှ၏ ။ ကျန်းမာသော ပန်းသွေးရောင် နှုတ်ခမ်းဖူးဖူးက ငေးကြည့်မိတိုင်း အနမ်းဖွဖွပေးချင်သည်ဟု အမြဲအတွေးရောက်မိစေသည် ။ သူနှင့် အကြင်နာပေးသည့်အခါ အနှီသူ၏ နှာတံချွန်ချွန်က သူ၏ပါးပြင်ကိုများ လာတိုးထိမိနေမည်လား ။
သိချင်လိုက်တာ...။
" ဒေါက် "
" အာ့ "
ဆောနူ အတွေးတိမ်တိုက်ကလေးထဲ လွင့်မျောနေစဉ် ခေါင်းပေါ် ဒေါက်ခနဲကျလာသော ဘောပင်ထိပ်ဖျားကြောင့် နှုတ်မှပင် အာမေဍိတ်သံပြုလိုက်မိ၏ ။
" ဘာလို့ခေါက်တာလဲ ? နာလိုက်တာ "
ပူခနဲဖြစ်သွားသော ခေါင်းထိပ်ကို လက်ဖြင့် အုပ်ကာပွတ်ရင်း ဆိုတော့ ဆောနူရှေ့ကလူက ပိုရန်ကောဟူသည့် အကြည့်တို့ပေးလာ၏ ။
" စာမေးပွဲကဖြင့် မနက်ဖြန်သန်ဘက်ခါဖြေရတော့မယ်.. မင်းစိတ်တွေ ဘယ်ရောက်နေတာလဲ ဂင်ဆောနူ "
' ကိုကို့ဆီ ' ဟု သူလွှတ်ခနဲ ပြန်ဖြေမိတော့မည့်နှုတ်ခမ်းတို့ကို အရှိန်ထိန်းကာ ပိတ်သိမ်းလိုက်မိသည် ။
" ရေးထားတဲ့ equationတွေက အကုန်တလွဲ ။ အဲ့ပုံစံနဲ့ ဆိုးလ်တက္ကသိုလ်ဝင်ခွင့်ရမယ် ထင်နေလား? ဟမ် ? "
သူ့အပေါ် အမြဲနွေးနွေးထွေးထွေးသာ ပြောဆိုဆက်ဆံတတ်သူ၏ ဆူဟောက်သံကြောင့် ဆောနူ မျက်လုံးစွန်းလေးများ ညှိုးကျသွားသည် ။