Unicode -
ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်၍
ခေါင်းတခါခါဖြင့် တိုက်ထဲ ဝင်ခါနီး မူမမှန်သော
ပုံရိပ်တစ်ခုကြောင့် နီခီ သူ့ဘေးလွယ်အိတ်ကို
ပြန်ပြင်လွယ်လိုက်ရင်း ဘာရှိနေလဲဆိုတာကို
ကြည့်ရန်အတွက် ဖြည်းဖြည်းမှန်မှန်
လမ်းလျှောက်သွားပါ၏။ ဘေးလွယ်အိတ်ကြိုးကိုလည်း
တင်းတင်းဆုပ်ထားလျက် တစ်ခုခုကို ခုခံရန်
အသင့်ဖြစ်နေသည့်ဟန်။နီခီ မထင်မှတ်ထားသည်ကား သွေးသံတရဲရဲဖြင့်
အသိစိတ်မကပ်နေသော လူတစ်ဦးသည်
သူ့တိုက်အောက်၌ သနားစရာကောင်းစွာ
မေ့မျောနေသည်ဆိုတာကိုပင်။စိတ်ရှုပ်ထွေးသွားသော်လည်း အကူအညီလိုနေသည့်
လူတစ်ယောက်ကို မကျော်သွားနိုင်တာတော့
စေတနာဖြစ်ပါလိမ့်မည်။ ကိုယ့်ဟာကိုယ်တောင်
ကူရာမဲ့နေသည့် အချိန်၌ သူများကို လျစ်လျူမရှူနိုင်တာကြောင့် သူ့ကိုယ်သူ တစ်ချက် ရယ်မိလိုက်၍
ဒူးထောက်ထိုင်လိုက်လျက် ထိုလူ၏ နှာခေါင်းနားကို လက်ဖြင့် ခပ်ဖွဖွ ထည့်ကြည့်လိုက်၏။အသက်ငွေ့ငွေ့ရှူနေသည်ကို ခံစားလိုက်ရသောအခါ
နီခီ အတတ်နိုင်ဆုံး ထိုလူကို မနာကျင်ရစေရန်
ဆွဲထူလိုက်၍ လက်တစ်ဖက်ဖြင့် ခါးကို
ထိန်းကိုင်ကာ တိုက်ပေါ်သို့ တက်ခဲ့သည်။ဝရံတာရှိ သစ်သားကွပ်ပျစ် ပေါ်သို့ ချလိုက်လျက်
မျက်နှာပေါ်ရှိ သွေးများကို ရေအနည်းငယ်
စွတ်ထားသော လက်သုတ်ပဝါဖြင့်
သုတ်ပေးလိုက်သည့်အခါ တစ်ဖက်လူသည်
နာကျင်သွားပုံရတာကြောင့် မျက်ခုံးနှစ်ဖက်သည်
တွန့်ချိုးလာပါ၏။" ငြိမ်ငြိမ်နေ မနေရင် မလုပ်ပေးဘူး "
ထိုသို့ ပြောနေသော်လည်း ထိုလူ၏ မျက်နှာပေါ်ရှိ
ဒဏ်ရာဒဏ်ချက်များကို သူ အရက်ပြန်ဖြင့် ပိုးသတ်ပေးတာ ဖြစ်၏။ ရုန်းကန်နေသော လူကို
စိတ်မရှည်စွာပင် ဆေးထည့်ပေးပြီးနောက်
အိမ်၌ ရှိသော ပလာစတာများ
ကပ်ပေးလိုက်သည့်အခါ မျက်နှာတစ်ခုလုံး အပြည့်ဖြစ်သွား၍ သူဝယ်ထားသမျှ ပလာစတာတွေလည်း ကုန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။