"နောက်ကျနေပြီ အိပ်ရအောင်"
"မအိပ်ချင်ဘူး ကိုယ်မေးတာဖြေ"
"...."
"ဖြေလို့!"
ကိုယ်ပေါ်၌ တစ်ချက်မှအငြိမ်မနေဘဲ လှုပ်စိနေပြီး အဖြေမရမချင်း အိပ်မည့်ပုံမပေါ်သဖြင့် ခါးမှထိန်းပွေ့ကာ ရင်ခွင်အောက်ပို့လိုက်မိတော့ ပက်လက်လေးဖြစ်သွားသူက ဟန်ဘင်းအား မျက်မှောင်ကြုံ့၍ ကြည့်လာသည်။ လိုချင်သည့်အဖြေမရသဖြင့် မကျေမနပ်ဖြစ်နေပြီး နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ထားရာ နဂိုထက် မို့တက်လာသည့်ပါးအို့လုံးလုံးများက အသည်းယားစရာအတိ။
"အိပ်တော့နော် ခင်ဗျား ပင်ပန်းလာတယ်လေ။"
နီရဲသွားအောင် အတင်းဖျစ်ညှစ်နမ်းပစ်ချင်စိတ်အား ထိန်းချုပ်၍ ချော့မော့အိပ်ခိုင်းသော်လည်း ကျန်းဟာအိုက အမှန်တကယ်ပင် ခေါင်းမာလှ၍ နောက်ဆုံးအလျှော့ပေးရသူက ထုံးစံမပျက် ဆောင်းဟန်ဘင်းသာ။
"ဟုတ်တယ်။ ကျွန်တော် မကြိုက်ဘူး အဲဒါကြောင့် နောက်ဆိုရင် ခင်ဗျားရဲ့ခန္ဓာကိုယ်မှာ အခြားသူတွေရဲ့ရေမွှေးနံ့တွေ ကပ်ပါမလာစေနဲ့၊ ကျွန်တော် ပြောချင်တာကို သဘောပေါက်လား။"
ထိုအခါ မဲ့တဲ့တဲ့ဖြစ်စပြုနေသော နှုတ်ခမ်းပါးများက ပြုံးယောင်သမ်းလာ၍ လက်ကလေးနှစ်ဖက်ကလည်း လည်ပင်းအား သိုင်းဖက်လာသည်။
"အွန်း .. သဘောပေါက်တယ်။ မောင်ကလွဲရင် ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေတော့ဘူး။"
ခေါင်းမော့၍ မေးဖျားကိုခပ်ဖွဖွနမ်းလာသူက ဟန်ဘင်း၏စိတ်ကို ဖတ်နိုင်နေသည့်အလား။ လှိုက်ခနဲဖြစ်သွားသည့်ရင်အစုံကြောင့် ဖြူအုနေသည့် ပါးလုံးလုံးအိအိကို လက်ဖြင့်ဖိညှစ်ပြီး ခပ်ဟဟဖြစ်သွားသည့် ပန်းသွေးရောင် နှုတ်ခမ်းသားများအား အပေါ်အောက်တစ်လှည့်စီ ငုံထွေးမိတော့ လည်ပင်း၌ချိတ်ထားသည့် လက်ကလေးနှစ်ဖက်က ပိုမိုတင်းကြပ်လာသည်။
"မောင် မညှစ် .. အင့်..တော့နဲ့ နာတယ်"
ရင်ဘတ်အား တွန်းဖယ်ရင်း မပီမသပြောလာသဖြင့် နီစွေးစွေးဖြစ်လာသည့် ပါးအိအိများအား ဖိညှစ်ထားရာမှလွှတ်ပေးလိုက်ပြီး ကိုက်ခဲပစ်ချင်စိတ်အားထိန်းကာ ခပ်ဖွဖွငုံ၍ အာငွေ့ပေးရပြန်သည်။