လမ်းတစ်လျှောက် ရောင်စုံမီးတွေဖြင့် ထိန်လင်းကာ၊ ကောင်းကင်၌ ကြယ်တွေစုံနေတာမို့ ဒီညဟာ သာယာ အေးချမ်းလွန်းတဲ့ ညတစ်ည၊
ညဟာ အေးချမ်းနေပေမဲ့၊ အေးချမ်း တည်ငြိမ် မနေတာကတော့ ဟန်ဘင်းရဲ့ နှလုံးသား၊ နိမ့်ချည် မြင့်ချည် ခုန်နေတဲ့ ဘယ်ဘက်ရင်အုံနှင့် အတူ ရပ်နားခြင်း မရှိစွာ ပြေးနေရတဲ့ ခြေထောက်တွေ ၊ မျက်လုံးတွေကိုလည်း အနားမပေးမိဘဲ ဟန်ဘင်းဟာ အဖိုးတန် ရတနာတစ်ခုကို ရှာနေမိသည်။
"အစ်ကိုလေးကို ရှာတွေ့ပါပြီ၊ သခင်လေး..."
Bodyguard တစ်ယောက်ဆီက ဆက်သွယ်လာတဲ့ ဖုန်းကို လက်ခံပြီးသည်နှင့် ဟန်ဘင်းဟာ နောက်လှည့်မကြည့်နိုင်တော့ဘဲ ခပ်မြန်မြန် ပြေးရသည်။
"ဘယ်မှာလဲ"
"ဟိုနားလေးမှာ ထိုင်နေပါတယ် သခင်လေး၊ ကျွန်တော်တို့ကို တွေ့သွားရင် ထပ်ပြီး ပျောက်သွားမှာစိုးလို့ သခင်လေး လာတဲ့ အထိစောင့်နေတာပါ"
"ရပြီ သွားတော့၊ အိမ်ရောက်ရင် အဒေါ်ကြီးကို အားဆေးလုပ်ထားဖို့ ပြောလိုက်"
"ဟုတ်ကဲ့ပါ"
ခြေထောက်ရှည်ရှည်တွေနဲ့ မလိုက်မဖက် ကလေးတွေ ဆော့တဲ့ ပန်းခြံထဲက ဒန်းသေးသေးလေးပေါ် ထိုင်ရင်း ကောင်းကင်ကို မော့ကြည့်နေတဲ့ ကောင်လေးဟာ လေတစ်ချက် အဝေ့မှာတော့ ကိုယ်လေးဟာ တုန်တက်သွားသည်။
ဟန်ဘင်းက ထိုကောင်လေးအနား ခြေသံလုံလုံဖြင့် လျှောက်သွားရင်း ဝတ်လာတဲ့ ကုတ်ကို ချွတ်ကာ ကောင်လေး ပုခုံးပေါ်ခြုံပေးလိုက်တော့ အနောက်ကို လှည့်ကြည့်လာသည်။
"အာ တခြားသူ ထင်နေတာ..."
"ဘယ်သူ ထပ်လာနိုင်သေးလို့လဲ ဘင်း"
"ရှိမလားလို့ပါ..."
လေသံအေးအေးနဲ့ ပြောနေသူဟာ သေချာပေါက် သူ့ကို စိတ်ဆိုးနေသေးတဲ့ပုံပင်...
"ဘင်း..."
"အင်း ပြော..."
နေ့လယ်ကလို သူ့ရှေ့ကနေ ထွက်မပြေးဘဲ လေသံအေးအေးနှင့်ပင် ပြောဆိုနေတာမို့ စိတ်တော့ အေးသွားပြီထင်တယ်...