we met somewhere divine

110 20 4
                                    

မိုးသည် တဖွဲဖွဲကျဆင်းနေသည်။ ပတ်ဝန်းကျင်သည် တိမ်ညိုများ ယှက်သိုင်းနေသောကြောင့် မှိုင်းညို့လျက်ရှိသည်။ တစ်ခါတစ်ခါ မိုးငွေ့ပါသော လေအေးများက ဝေ့တိုက်လိုက်သေးသည်။
သည်လို ရာသီဥတုမျိုးကို Renjun သဘောကျပါသည်။ အိမ်ထဲမှာ နေပြီး ပတ်ဝန်းကျင်ကို ငေးမောရသည်ကို သူမက်မောသည်။ မိုးဖွဲဖွဲတွေကြားလမ်းလျှောက်ရသည်ကိုလည်း နှစ်သက်သည်။
အခုလည်း မိုးရွာနေသည့်ကြားကပင် လမ်းထိပ်ရှိစတိုးဆိုင်မှ ဈေးဝယ်ပြန်လာခဲ့ခြင်းဖြစ်သည်။ ဝယ်စရာ မယ်မယ်ရရ မရှိပေမယ့် လမ်းလျှောက်ထွက်ချင်၍သာ။
အစိမ်း‌ရောင်လွင်နေသော အရွက်စိမ်းတို့သည် မှိုင်းညို့သော ဝန်းကျင်တွင် ဣန္ဒြေရှိရှိငြိမ်သက်လျက်ရှိသည်။ တစ်ခါတစ်ရံလေအဝှေ့တွင် ကိုယ်ပေါ်မှ မိုးစက်များကို ခါချနေ၏။
ထီးလေးဆောင်းပြီး အိမ်အပြန်တွင် သူ့စိတ်သည် ပျော်ရွှင်လျက်ရှိသည်။
သူ့အိမ်ရှေ့ရပ်ထားသော ကားတစ်စီးကြောင့် Renjun ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ ဒီလိုအချိန် သူ့ဆီလာမည့်ဧည့်သည်များရှိသလား။ မရှိပါ။ ကားမှန်ကိုသာ အသာခေါက်လိုက်သည်။ ကားမှန်လျှောကျသွားသောအခါ ပေါ်လာသည့် မျက်နှာတစ်ခုကြောင့် မှင်သက်သွားရသည်။
ထိုသူကို သူသိ၍မဟုတ်။ ဇာတ်လမ်းတွေထဲကလို သူရှောင်ပြေးနေသူဖြစ်၍လည်းမဟုတ်။ အလွန်ချောမောနေသောကြောင့်ဖြစ်သည်။
လူဆိုသည်ထက် နတ်ဘုရားတစ်ပါး...
အင်း....ဂရိနတ်ဘုရားတစ်ပါးလို ချောမောသောသူ။
မျက်လုံး မျက်ခုံး နှာတံ ဆံပင်က အစ နတ်ဘုရား ရုပ်တုတစ်ခုလို အချိုးကျလွန်းသည်။
"ဘာအကူအညီလိုလို့လဲ ခင်ဗျ"
ထိုလူကပြောသည်။
"အမ် ဟို ဒါ ကျွန်တော့်အိမ်ပါ။ အဲ့ဒါ အိမ်ကို အလည်လာတဲ့သူလားလို့ပါ"
Renjun သူ့အိမ်ကို ညွှန်ပြရင်းဖြေသည်။
ထိုလူက ပြုံးလိုက်ပြီး
"ကျွန်တော့်ကားပျက်သွားလို့ပါ။ ဝပ်ရှော့ကိုတော့ ဖုန်းခေါ်ထားပါတယ်"
သူရယ်လိုက်တော့ မျက်ဝန်းကွေးကွေးလေးတွေပေါ်လာသည်။ အဲ့သည်လိုကျတော့ ခုနကလို ချောမောတဲ့ယောက်ျားမဟုတ်တော့ဘဲ ချစ်စရာကောင်းတဲ့ ကလေးလေးနဲ့တူသွားပြန်ရော။
တတ်လည်းတတ်နိုင်တဲ့သူ။
"အာ အဲ့ဒါဆို ကျွန်တော့်အိမ်ကို လိုက်ခဲ့ပါလား။ အိမ်ထဲကနေစောင့်ပေါ့"
ပါးစပ်က လွှတ်ခ‌နဲ ထွက်ပြီးမှ အနေရခက်သွားသည်။
အခုမှတွေ့တဲ့ လူတစ်ယောက်ကို ဘာမှလည်း မဆိုင်ဘဲ အိမ်ကို အလည်ခေါ်နေ Huang Renjun ရေ။ ဟိုကတစ်မျိုးထင်နေမှဖြင့်။
"အင်း ကောင်းသားပဲ။ တစ်ယောက်ထဲဆိုတော့ ပျင်းစရာကြီးလေ"
တော်ပါသေးရဲ့။ သူ့ရင်ထဲက အပူလုံးကြီးကျသွားသည်။
ကားထဲက ထိုလူထွက်လာတော့ မိုးရေစိုမည်စိုး၍ Renjun က ထီးမိုးပေးလိုက်မိသည်။ ကားထဲက တစ်ကိုယ်လုံးထွက်လာမှ သူပိုအံ့ဩသွားရသည်။ အဲ့သည်လူက ရုပ်ရည်တင်မက အရပ်အမောင်းကပါ အချိုးကျလွန်းသည်။ သူနှင့်ခပ်နီးနီးရှိတာမို့ အရပ်ပါ အနည်းငယ်ကွာခြားကြောင်း သိရသည်။
သူ့ကို ငုံ့မိုးကြည့်လာသည့် မျက်ဝန်းတွေနှင့် ဆုံတော့ ရင်ခုန်သံက တစ်ချက်ကျော်သွားသည်။
"ထီးကို ကျွန်တော်ကိုင်ပါ့မယ်"
ပြောပြောဆိုဆို သူ့လက်ထဲက ထီးကို လွှဲယူသည်။
"သွားရအောင်လေ"
ထီးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရင်း အိမ်ဘက်ကို လျှောက်လာခဲ့ရင်း ပုခုံးချင်းထိလုလုဖြစ်နေရာမှ သူ အနည်းငယ်ခွာလိုက်သည်။
မတော်လို့ ပရမ်းပတာရင်ခုန်သံတွေကြားသွားရင် အားနာစရာ။
"မိုးစိုမယ်လေ"
ထိုလူက ပြောပြောဆိုဆို သူ့ပုခုံးကို ဆုပ်ကိုင်ပြီး သူ့ဘက်တိုးစေပြန်သည်။ အခုချိန် သူ့မျက်နှာဟာ ခရမ်းချဉ်သီးတစ်လုံးလို ရဲနေမှာ မြင်ယောင်သေးသည်။
ခြံဝန်းကို ဘယ်လိုဖြတ်ခဲ့မှန်းသူမမှတ်မိပါ။ ခြေလှမ်းတွေကို မသိတော့လောက်အောင် စိတ်လှုပ်ရှားနေခဲ့ပါသည်။
အိမ်တံခါးဖွင့်နောက် ထိုလူက ထီးကို ပိတ်ပြီး သူ့ကို ပေးသည်။ သူလည်းတံခါးနားလေးထောင်ထားလိုက်သည်။
"ထိုင်ပါဦး။ ကျွန်တော် လက်ဖက်ရည်ဖျော်ပေးမယ်"
လှည့်ထွက်ခဲ့တော့ သူ့လက်ကို ဖမ်းဆုပ်လာသည့် လက်‌တစ်ဖက်ကြောင့် သူ့ခြေလှမ်းတွေ ကြောင်အစွာ ရပ်တန့်သွားရသည်။
အို သူ့လက်တွေအေးနေတာပဲ။သူ့ကို နွေးသွားအောင်လုပ်ပေးရမယ်။
သူကတော့ ထိုလူနှင့်မတူစွာ ပူနွေးနေခဲ့သည်။
"ကျွန်တော်တို့ မိတ်မဆက်ရသေးဘူးထင်တယ်။ကျွန်တော့် နာမည် Lee Jeno ပါ"
"ကျွန်တော်က Huang Renjun ပါ"
"ရွယ်တူပဲ ထင်တယ်။ ပေါ့ပေါ့ပါးပါးပြောကြတာပေါ့"
သူအလျင်စလိုခေါင်းငြိမ့်ပြရင်း မီးဖိုခန်းဖက်ကို လျှောက်လာခဲ့သည်။ ထိုလူ ကွယ်ရာရောက်မှ သက်ပြင်းချမိသည်။ သူနှစ်သက်သည့် jasmine tea နှစ်ခွက် ယူခဲ့ပြီး ဧည့်ခန်းထဲ ရောက်တော့ မိုးက တော်တော်ကိုသည်းလာသည်။
"Renjun က အိမ်ထဲ ဝင်ဖို့ပြောလို့ တော်သေးတယ်။ မိုးက တော်တော်ကို သည်းလာပြီ"
ဟုတ်ပါရဲ့။ ပြတင်းမှန်ကို လာရောက်ရိုက်ခတ်သည့် မိုးစက်များမှာ ပြင်းထန်လှသည်။
"ခဏ နေရင်တော့ တိတ်သွားမယ် မျှော်လင့်ရတာပဲ"
"Renjun က သာ ပြောနေ မုန်တိုင်းရှိတယ်ဆိုပဲဗျ။ တကယ်လို့ ကျွန်တော် ပြန်လို့မဖြစ်နိုင်ရင် ကျွန်တော့်ကို ခေါ်ထားမလား"
ထိုစကားကြောင့် သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်ကို ဝန်ခံရမည်။
"Jeno ကနေမယ်ဆို ကျွန်တော်က ခေါ်ထားမှာပေါ့"
"တကယ်လို့ ကျွန်တော်က တစ်သက်လုံး မပြန်တော့ဘူးဆိုရင်ရော"
သူ့မျက်နှာ ဖြန်းခနဲ ပူနွေးသွားသည်။ ဘာလို အဓိပ္ပာယ်သက်ရောက်သွားလည်း သူမသိဘူးလား။ သိရက်နဲ့ ပြောတာများလား။ စနောက်နေတာဖြစ်နိုင်တာပဲ။
"အဲ့ဒါဆိုလည်း တစ်သက်လုံးခေါ်ထားရုံပေါ့"
ထိုစဉ် Jeno ဖုန်းသံ မြည်လာသည်။ Jeno ဖုန်းပြောနေတဲ့ပုံကလည်း ဆွဲဆောင်မှုရှိလွန်းသည်။ ဒီလူက အမြဲ ချောမောနေတော့မှာလား။
"ဝပ်ရှော့က ဖုန်းဆက်တာ။ မိုးသည်းလို့ ဒီနေ့တော့ မလာနိုင်သေးဘူးတဲ့"
အခုမှ အချိန်ကို ကြည့်မိတော့ ညနေ ခြောက်နာရီခွဲတော့မည်။ မိုးကသည်းနေသောကြောင့် ပတ်ဝန်းက ခါတိုင်းထက်ပင် ပိုမှောင်နေသည်။
"အားနာပေမယ့် ဒီည ဒီမှာတည်းလို့ရမလား။ Renjun အဆင်ပြေမှပါ။ ဒီနား တည်းခိုခန်းပဲဖြစ်ဖြစ်"
"ရပါတယ် Jeno ရဲ့။ အနီးဆုံး ဆိုရင်တောင် လေးလမ်းလောက်ထပ်သွားရဦးမှာ။ ကျွန်တော်က အဆင်ပြေပါတယ်"
သူ ဘာထပ်ပြောရမည်မသိတော့။ အပျော်စိတ်လေး နည်းနည်းဖြစ်ပေါ်နေသည်ကိုတော့ သတိထားမိသည်။
"ဟို ဒါနဲ့ Renjun ကို တောင်းဆိုစရာရှိလို့"
"ဘာများလဲ"
"ကျွန်တော် ရေချိုးချင်လို့ "
"ရပါတယ်။ ဒါပေမယ့် Jeno လက်တွေ အေးနေတယ်လေ။ အဆင်ပြေပါ့မလား"
နည်းနည်းပိုသွားမလား စိုးရိမ်ပေမယ့် Jeno ကို ပိုစိုးရိမ်တာကြောင့်။
"မြန်မြန်ချိုးခဲ့မယ်လေနော်။ အလုပ်ကလာတာဆိုတော့ ပင်ပန်းနေသလိုမို့"
Jeno က ကလေးတွေ ပူဆာသလို အသနားခံတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ရင်းဆိုလာသည်။
"ဟုတ် ရပါတယ်။ ကျွန်တော် ရေချိုးခန်း လိုက်ပြပေးမယ်လေ"
Jeno ကို ရေချိုးခန်းပြပေးသည်။
"ဒီဘက်က ကျွန်တော့် အခန်းပါ။ ကျွန်တော် Jeno နဲ့ အဆင်ပြေလောက်မယ့် အင်္ကျီထုတ်ပေးထားမယ်နော်"
"ကျေးဇူးတင်ပါတယ် Renjunnie "
Jeno က သူ့မျက်လုံးတွေကို ငေးစိုက်ကြည့်ရင်းဆိုလာတာမို့ သူ့တစ်ကိုယ်လုံးပူနွေးလာရသည်။ အဲ့ဒီမျက်ဝန်းတွေက သူ့ကို နူးညံ့တဲ့ တစ်ခုခုဖြာကျနေသလိုပဲ။ ဒါပေမယ့် အဲ့ဒီအရာကို အဓိပ္ပာယ်ဖော်ဖို့ မကြိုးစားတော့ဘဲ Jeno ဝတ်ဖို့ အဝတ်တွေ ထုတ်ပေးရင်း၊ ထမင်းဝိုင်းအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေလိုက်သည်။ ပြီးတော့ သူ့ရဲ့ ရင်ခုန်သံတွေကိုလည်း လျစ်လျူရှုရင်းပေါ့။
ထမင်းဝိုင်းကလည်း နွေးနွေးထွေးထွေးပါပဲ။ တခြားလူတွေနဲ့ဆို အနေရခက်ပေမယ့် Jeno နဲ့ တော့ နေရမခက်ဘူး။ အပြန်အလှန် စကားတွေ ပြောရင်း သူ့အကြောင်းနည်းနည်းသိလာရသည်။ ကုမ္ပဏီတစ်ခုက မန်နေဂျာတစ်ယောက်ဆိုတာမျိုး၊ မိသားစုဝင်အကြောင်းဆိုတာမျိုးပေါ့။
ထမင်းစားပြီးတော့ Jeno က ပန်းကန်တွေ ဆေးပေးသည်။
သူတို့တွေ ထမင်းစားပြီးတော့ ည ခုနှစ်နာရီထိခွဲလုပြီ။ မိုးကမစဲဘဲ ပိုလို့ပင် သည်းမည်းစွာ ရွာသွန်းလျက်ရှိသည်။ ပြတင်းပေါက်ကို လာမှန်သည့် မိုးသံများကလည်း ပို၍ကျယ်လောင်လာသည်။ Jeno ရှိနေလို့တော်ပါသေးရဲ့လို့ တွေးမိသည်။ မဟုတ်ရင် သူ ဒီမိုးကို ရင်ဆိုင်နိုင်ဖို့ခက်သည်။ မိုးကိုချစ်ပေမယ့် အငြိုးကြီးသောမိုးကိုတော့ သူမကြိုက်ပါ။
ပြီးတော့ သူ့ကိုယ်သူ အံ့ဩမိတာတစ်ခုက အခုမှ သိသည့်လူတစ်ယောက်အပေါ် ဘာလို့ယုံကြည်မှန်း၊ သူ့ဘေးမှာနေရတာ သက်တောင့်သက်သာရှိမှန်းမသိပါ။
အိပ်ရာမဝင်ခင် တီဗွီကြည့်ပြီး စကားပြောရင်း ကုန်ဆုံးခဲ့ပြီး ဆယ်နာရီထိုးတော့ အိပ်ရာဝင်ခဲ့သည်။
မိုးကနည်းသလိုဖြစ်လိုက် ပိုသည်းလာလိုက်နှင့် ကြည်စယ်လွန်းလှသည်။ မိုးသံငြိမ်ငြိမ်လေးတွေက သူ့စိတ်ကို ချမ်းမြေ့စေပေမယ့် ရေအိုးကနေ သွန်ချသလိုရွာသည့်မိုး၏ အသံက သူ့အတွက် ဆိုးရွားလှသည်။ သည်လိုညမျိုးဆို သူအိပ်မပျော်တတ်ပါ။ ဒါပေမယ့် Jeno က သူ့ဘေးနားမှာ ရှိသည်ဆိုသည့် အတွေးနှင့်  သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။
မနက်ရောက်တော့ မိုးလည်း တိတ်သွားပြီ။ နေရောင်လည်း ဖြာစပြုလာပြီ။ မနက်ခင်းက သာယာပေမယ့် သူ့စိတ်ထဲမှာ နှမြောနေမိသည်။ Jeno နှင့်ခွဲရတော့မည်။ မနက်စာ စားပြီးတော့ Jeno က ပင် ပန်းကန်ဆေးသည်။
"ကျေးဇူးတင်ပါတယ် Renjunnie"
"ရပါတယ်"
သူ့အသံသည် သိသာစွာ တိုးဖျော့နေမည်ထင်သည်။
"Renjunnie ဆီ ကိုယ်ထပ်လာခဲ့ပါ့မယ်"
Jeno က သူ့ပါးလေးကို ထိတွေ့ရင်း ပြောသည်။ Jeno မျက်ဝန်းတွေထဲမှာ တစ်စုံတစ်ရာပျော်ဝင်နေသလို ခံစားရသည်။ ယုံကြည်၍ရသည့် တစ်စုံတစ်ရာ။ သူပျော်ဝင်ချင်သည့် တစ်စုံတစ်ရာပေါ့။

We Met Somewhere Divine Where stories live. Discover now