သမုဒ္ဒရာအောက်ခြေမှ လှိုက်၍ ဆွတ်ဖြန်းသော ပင်လယ်လေထုအစုစုတွင် မုတ်သုန်အခိုးအငွေ့တို့နှောကာ မင်းမူခြယ်လှယ်သည်ဖြစ်ရာ၊ အဏ္ဏဝါလှိုင်းပုတ်သံသည် တိုးညင်းစွာ ရွေ့သီသဟန်နှင့် ကမ်းစပ်အနားသို့ရောက်သော် အားအင်ပြင်းမတတ် တဝုန်းဝုန်းရိုက်ခတ်လာချေပေ၏။
ဘဲ့ဂျယ်ပြည်ထောင်၏ အိမ်ရှေ့စံအရိုက်အရာအား မကြာမီဆက်ခံရတော့မည့်အလားအလာရှိသော မြောက်နန်းစံမင်းသားတစ်ပါးဖြစ်သည့် မင်းသားထွေးရှင်းမ်ဂျယ်သည် ရေစိုသဲလွှာနုအတွင်း ထိုးအပ်မြှုပ်နှံထားသော သူ၏ခြေချောင်းသွယ်လျလျတို့ကို ထုတ်ကာ၊ သဲပေပြီဖြစ်သည့် ဖြူအုဝင်းမွတ်သည့် အသားအရည်အား ဆေးကြောရန်အလို့ငှာ ထိုင်ရာမှ ထသည်။
ပိတုန်းရောင်နွယ်ဖွား ကျိုးတိုးကျဲတဲဆံစုရိုင်းလေးများက သူ၏ဦးရေပြားထက်တွင် ပင်လယ်လေ၊ဆားငန်ရည်များနှင့်အပြိုင် အငြိမ်မနေစိမ့်စွာ ယိမ်းနွဲ့လျက်။
မကြာမီဆိုက်မြန်းတော့မည့် နေဝင်ဆည်းဆာယံကို မျက်ကွယ်ပြု၍ အိပ်တန်းဝင်နေတဲ့ စင်ယော်လွှာတစ်အုပ်ထံ ငေးမော့ထားသည့် မျက်ဝန်းတို့မှာ အဖြူရောင်တွေသာလျှင် လွှမ်းမိုးလျက်။
ယုတ်၊လတ်၊မြတ်အဆုံးသော လူတန်းစားအမျိုးမျိုး သဘောတွေ့နှစ်ခြိုက်ရသော ကမ်းစပ်နယ်နမိတ်တွင် ခြေစုံရပ်ရသည်က ရှင်းမ်ဂျယ်အဖို့ ခေါင်းခဲစရာ တိုင်းရေးပြည်ရေး အခြေအနေတွေမေ့မြောမိစေသည်။
ဖခမည်းတော်၏ တင်းကြပ်သော တယူသန်စီမံချက်အမိန့်တော်တို့သာ ကင်းလွတ်ခွင့်သည်ရှိသော်၊ ရှင်းမ်ဂျယ်သည် ပင်လယ်နံဘေးမှာပင် သေပျော်ချင်သည်။ ပင်လယ်လေထုတို့နှင့်သာလျှင် ရှင်သန်မွေ့လျော်လိုသည်။
မင်းသားရှင်းမ်ရဲ့ ပင်လယ်ပြာတွေအပေါ် ၊သမုဒ္ဒရာတို့အပေါ် စွဲလမ်းမိစိတ်မည်သမျှ ဤမျှလှ၍တင့်တယ်ကာ ရိုးစင်းသော မြူမှုန်တမျှသာဖြစ်တည်ခဲ့သည်မို့။
"အရှင့်သား"
"မုန်တိုင်းဆွတ်မယ့် အလားအလာမှာရှိနေတာမို့ ရေကူးရပ်တန့်လိုက်ဖို့ မဝံ့မရဲလျှောက်တင်ပါတယ်"
YOU ARE READING
Wave to Ocean ✓
Fanfictionဤပင်လယ် ကျဥ်းပါစေ၊ သမုဒ္ဒရာတို့လည်း ခမ်းပါလေ။ ramyeonz1shot gift for @_bambibaby 💜💝 cover artist @uyuthecatto_ 🖍