Unicode+ Zawgyi
သွားနေကျကုန်တိုက်တစ်ခုဆီကို ရောက်လာပြီးတော့ ဈေးဝယ်ခြင်းအတွက် အချိန်တစ်နာရီလောက် ကုန်ဆုံးလိုက်ကြတယ်။ ဈေးဝယ်ခြင်းဆိုလို့ ဘာတွေများလဲဆိုပြီး မေးခွန်းထုတ်စရာတော့ ဖြစ်နေကြလိုက်မယ်။ အဲ့တာက မရိုးမအီဝယ်နိုင်ကြတဲ့ အဝတ်အစားတချို့ရယ်၊ ပြန်ဖြည့်ဖို့လိုအပ်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတချို့လောက်ပါပဲ။ လိုချင်တာကိုအပြီးသတ်ဝယ်ယူပြီးတဲ့နောက် သူတို့အတွက် အိမ်ပြန်ဖို့စောနေသေးတာကို သတိထားမိသွားတယ်။ ဒါကြောင့်အစားအသောက်တစ်ခုခုအတွက် အလွယ်တကူအချိန်ပေးဖို့ စိတ်ကူးလိုက်ကြတယ်။ ဒါက ထုတ်ဝတ်လာတဲ့ outfit တွေအတွက် ခဏလေးနဲ့အိမ်မှာပြန်လျှော်လိုက်ဖို့ နှမြောစိတ်မဖြစ်အောင် ဖြေသိမ့်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်သလို၊ ကောင်းကောင်းဝတ်စားထားခြင်းက အပြင်မှာကြာကြာနေဖို့အတွက် တွန်းအားတစ်ခုလည်းဖြစ်စေတယ်။
အင်း ဟုတ်ပြီ။ နှစ်ယောက်သား တိုင်ပင်စရာတောင်မလိုဘဲ ကုန်တိုက်ထဲကနေ ခြေလှမ်းညီညီနဲ့ထွက်လာပြီး စားသောက်ဆိုင်တွေ အများဆုံးတည်ရှိတဲ့ဘက်ကို ဦးတည်ပြီးကာမှ ကျီးအာသံတချို့က လေနဲ့အတူမျောပါသွားတယ်။ လူသွားစင်္ကြံပေါ်မှာ ထီးထီးကြီးရပ်တန့်နေကြရင်း မျက်လုံးလေးတွေ ပေကလတ်ပေကလတ်နဲ့ ဟိုကြည့်ဒီကြည့်။ ခေါင်းကိုလည်း လေးငါးပတ်လောက်ချာချာလည်လိုက်ပြီး နှစ်ယောက်သားအကြည့်ပြန်ဆုံတော့မှ အချင်းချင်းသတိထားမိလိုက်တာ တစ်ခုရှိတယ်။ သူတို့ရဲ့အခုပုံစံက ဆိုးလ်ကိုအခုမှတက်လာသလိုမျိုး အူလည်လည်နဲ့။
“အ .. အ ..''
ကျီးအာသံကို ထပ်ကြားမိသယောင်ဆိုတော့ နှစ်ယောက်သား တန့်နေရာမှ အသိပြန်ကပ်လာတယ်။ ပြီးတော့မှ သဘောကျဟန်နဲ့ ဟက်ခနဲပြိုင်တူရယ်မိတယ်။
“ငါတို့ဘာစားကြမှာလဲ ..?”
မျက်လုံးလေးတွေကို လခြမ်းပုံလေးဖြစ်သွားသလို ကွေးနေအောင်ပြုံးပြပြီး Hyunjin ခေါင်းလေးတကုတ်ကုတ်နဲ့ ရှက်ဖြီးဖြီး မေးစပြုတော့တယ်။
“မင်းကရော ဘာစားချင်တာလဲ..?”
စစချင်းပြုံးယောင်သန်းသွားတဲ့ Felix က ခပ်ဟဟရယ်ရင်း ပြန်မေးတယ်။ စားသောက်ဖို့လေးအတွက်ပဲဟာ။ ဘာလို့သူတို့ကြားထဲ နွေဦးရောက်နေသလို ခံစားနေရတာလဲ?
YOU ARE READING
SHIPs [Hiatus]
Fanfiction| SKZ's real life ver; but just for entertainment only | Main ships : HyunLix & MinSung -written in Burmese -collaborate with @mannshane