Unicode
မနက်ခင်းဆေးရုံရောက်ကတည်းက ခွဲစိတ်ခန်း၌တာဝန်ကျသည်မို့ နုအတွက် အချိန်ဟာ ပိုသည်မရှိတော့။ခွဲစိတ်ခန်းမှ ထွက်လာမှသာ နု စိတ်တွေ ပိုပြီးလွတ်လပ်သလို ခံစားလိုက်ရသည်။
"အန်တီနု OT ကျတာလား"
"ဟုတ်တယ်ဧကရီရဲ့"
မောင်နဲ့နုရဲ့ ချစ်ခြင်းတွေ၌ ဧကရီသည် မယုံနိုင်အောင် ဖြစ်ခဲ့သူသာ။မာနကြီးပြီး လူတကာလေးစားအားကျရတဲ့ အမျိုးသမီးတစ်ယောက်က တစ်ခြားအမျိုးသမီးတစ်ယောက်ရဲ့ အိမ်သူဖြစ်သွားသည်က ဧကရီအတွက် အခုထိအံ့သြလို့ မဆုံးဖြစ်နေသေးသည်။
"အဲ့ဒါဆိုဧကရီသွားဦးမယ်။ဂျူတီလေးရှိလို့"
"ဟုတ်ပြီကွယ်"
ထိုနေရာမှတဆင့် နုရဲ့ခြေလှမ်းတွေက နားနေခန်းဆီကိုသာ။စားပွဲပေါ်၌ ထားခဲ့သည့်ဖုန်းကို ဖွင့်ကြည့်မိတော့ ဖုန်းကောလ်တွေက သုံးကြိမ်ပင်မကတော့။
ခေါ်ထားသူကလည်း တစ်ခြားသူမဟုတ်ဘဲ ကြွယ်ပင်။
ခေါ်ထားသည့်ဖုန်းကောလ်က မနည်းသည်မို့ စိတ်ပူစွာဖြင့် ပြန်ခေါ်လိုက်လေသည်။ခေါ်ဆိုချိန်က မိနစ်ပိုင်းပင်မပြည့်လိုက်။"ဟယ်လိုကြွယ်"
"အင်း မမ"
"ကိစ္စရှိလို့လား။ဖုန်းကောလ်တွေတအားများနေလို့"
"မမ ဆေးရုံမှာလား။အိမ်မှာလား"
"ဆေးရုံမှာကြွယ်ရဲ့ ဘာဖြစ်လို့လဲ။တစ်ခုခုဖြစ်နေလား"
မေးခွန်းတွေဆက်တိုက်ဆိုသလိုမေးနေသည့် ကြွယ်ကြောင့် နုစိတ်ထဲပင်မသန့်ချင်တော့ပဲ စိတ်ပူနေမိသည်။
"မမ ကြွယ်ပြောမယ့် စကားက မမနဲ့ကြင်နာမောင့်ကြားကို သွေးထိုးတဲ့စကားမဟုတ်ဘူးဆိုတာကြိုပြောပါရစေ"
"ကြွယ် ဘာဖြစ်လို့လဲ"
"ကြွယ်လေ ဒီနေ့ဝယ်စရာလေးရှိလို့ ရှော့ပင်းမောလ်ကိုသွားတာ ကြင်နာမောင်နဲ့တွေ့ခဲ့တယ်"
"မောင်နဲ့တွေ့တာဆန်းသလား ကြွယ်ရယ်"
"ဟင့်အင်း ကြင်နာမောင်နဲ့တွေ့တာမဆန်းဘူး။ဒါပေမယ့် ကြင်နာမောင့်ဘေးမှာ မိန်းမတစ်ယောက်ပါနေတယ်မမရဲ့"
![](https://img.wattpad.com/cover/355264836-288-k249336.jpg)