Unicode
မီးဆိုင်းတွေရဲ့အလင်းရောင်ဟာ ခန်းမကျယ်ကြီးထဲကို လုံလောက်စွာဖြန့်ကျက်ထားလေသည်။ပန်းနုရောင်နှင်းဆီပန်းပွင့်ကလေးတွေဟာ ထိုခန်းမအတွင်း၌ အတော်လေးနေရာယူထားကာ လှပလွန်းနေသည်။အနီရောင်ကောဇောခင်းပေါ်၌ ပန်းနုရောင်နှင်းဆီပွင့်ဖတ်တွေဟာ ခပ်စိပ်စိပ်လေးပျံ့ကြဲနေလေသည်။ပန်းနုရောင်ပိတ်ကားထက်၌ ရွှေရောင်စာလုံးလေးတွေဟာ ထည်ဝါလွန်းနေသည်။
ခပ်နီနီကောဇောပေါ်မှာ ခပ်ဖွဖွလျှောက်လှမ်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ခြေလှမ်းတွေဟာ တုန်ယင်နေဟန်။ပန်းနုရောင်သတို့သမီးဝတ်စုံဟာ ခန္ဓာသွယ်သွယ်ပေါ်၌ ချပ်ကပ်နေပြီးတင့်တယ်စွာနေရာယူနေလေသည်။သူစိမ်းအမျိုးသားရဲ့လက်ကို တွဲထားတဲ့ ထိုအမျိုးသမီးရဲ့မျက်နှာ၌ ပျော်ရွှင်မှုလွှမ်းခြုံနေပုံဟာ ဘေးလူတွေကိုပင် ပီတိဖြစ်စေသည်။
အချစ်တစ်ခုတည်းကြောင့်သာ သူစိမ်းအမျိုးသားရဲ့လက်ကို တွဲထားမိခြင်း။ဘဝတစ်ခုလုံးကို ပေးဆပ်လိုက်ခြင်း။ချစ်ခြင်းမေတ္တာကိုသာ အရင်းတည်ပြီး ခမ်းနားစွာကျင်းပတဲ့ ဒီမင်္ဂလာပွဲ၌ အချက်အချာကျသည့်အမျိုးသားနဲ့အမျိုးသမီးရဲ့ အပြုံးတွေဟာခန်းမတစ်ခုလုံးကို လှပစွာ လွှမ်းခြုံးထားလေသည်။
နှေးကွေးနေတဲ့ခြေလှမ်းတွေနဲ့အတူ မော့်စိတ်တွေလည်းအတော်လှုပ်ရှားနေလေသည်။ကိုယ်တိုင်ချစ်မြတ်နိုးရတဲ့သူကို လက်ထပ်ရသည်မို့ နောင်တတရားတော့မရှိခဲ့ပေ။"လိုက်ဖက်လိုက်တာကွယ်"
ခရမ်းရောင်ဝတ်စုံလေးနဲ့လှချင်တိုင်းလှနေလေတဲ့ မောင့်အမျိုးသမီးက ရိုးရှင်းစွာဆိုကာ သဘောတကျ ပြုံးနေသည်။ထိုအပြုံးကို အနီးကပ်ငေးခွင့်ရတဲ့ မောင့်ရင်ထဲ နှင်းဆီဖြူတွေပွင့်နေလေပြီ။
"အန်တီနဲ့မောင့်လိုပဲပေါ့"
"ဒါပေါ့ကွယ်"
မောင်နဲ့နုရဲ့အကြည့်တွေဟာ မင်္ဂလာသတို့သားနဲ့သတို့သမီးရှိရာဆီကိုရောက်သွားသော်လည်း ကြွယ့်အကြည့်တွေကတော့ အနီရောင်မြန်မာဝမ်းဆက်နဲ့လှနေတဲ့ ပုပုလုံးလုံးလေးဆီမှာသာ။တကယ်တော့ ဒီပွဲဟာ ကြွယ်နဲ့လားလားမှမဆိုင်သည့်ပွဲပင်မဟုတ်လား။သတို့သားကိုကြွယ်မသိသလို သတို့သမီးကိုလည်းကြွယ်မရင်းနှီးပေ။သို့သော်လည်း ဧကရီ့ရဲ့ခေါ်ဆောင်မှုကြောင့်သာ မငြင်းဆိုဘဲလိုက်လာမိခြင်းပင်။ဒီအမျိုးသမီးငယ်လေး စိတ်ချမ်းသာမည်ဆိုရင် ကြွယ်ဘာမဆိုလုပ်နိုင်သလို လုပ်ပေးဖို့လည်းအသင့်ပင်။
