ကမ္ဘာ့လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုနှုန်းဟာ 0.04% ရှိသတဲ့...
မချစ်ပြတတ်သောသူကြောင့် အချစ်ခံချင်သူရဲ့ကမ္ဘာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် 0.01%မြင့်တက်သွားလေရဲ့...
*************************
"သွားတော့မလို့လား..."
"အင်း..."
အေးတိအေးစက်တစ်ခွန်းတည်းဖြေပြီး အခန်းတံခါးဖွင့်ကာထွက်သွားသူရဲ့ အရိပ်ကလေးကို မကြည့်ချင်ယောင်ဆောင်နေပေမယ့် မျက်လုံးထောင့်က ခိုးခိုးကြည့်နေရတာ မသက်မသာ။ တကယ်ကို ပတ်ခ်ဝန်ဘင်းမှာ ခံစားချက်မရှိဘူးလား။ လမ်းခွဲပြီး နောက်တစ်နေ့မှာ အထုပ်အပိုးတွေနဲ့အတူ အိမ်ကဆင်းသွားတဲ့ ရည်းစားဟောင်းကြောင့် သူ့ရင်ထဲမှာ ယောက်ယက်တွေခတ်။
သူမသွားပါနဲ့လို့ တားချင်ခဲ့တယ်။ သူ့ဟာနဲ့သူခံစားချက်တွေရှုပ်ယှက်ခက်နေခဲ့ပေမယ့် ဆွန်းဟန်က သူ့ချစ်သူကို ဘယ်တုန်းကမှထွက်မသွားစေချင်ခဲ့ဘူး။ မာနခံနေလို့သာ ဆွဲမထားလိုက်ပေမယ့် သူလဲသူ့နည်းသူ့ဟန်နဲ့ ကမ္ဘာပျက်နေတာပါပဲ။
နောက်ဆုံး တိုက်ခန်းတံခါးမကြီးပိတ်သံကြားလိုက်တဲ့အထိ ဆွန်းဟန်က ထွက်မကြည့်ခဲ့ပါဘူး။ ထွက်ကြည့်ဖြစ်ခဲ့ရင်တောင် ပတ်ခ်ဝန်ဘင်းက သူ့ဆီပြန်လာမှာမဟုတ်သလို အရာအားလုံးဟာလဲ အရင်လိုပြန်မဖြစ်နိုင်တော့ဘူးလေ။ ရှင်းရှင်းပြောရရင် အကုန်လက်လွန်သွားခဲ့ပြီးပြီ။
တစ်ယောက်သောသူကို ဂရုမစိုက်ချင်ယောင်ဆောင်ပြီး စိတ်မပါလက်မပါဆော့နေတဲ့ ဂိမ်းကလဲ ဘယ်နှခါမြောက်ရှုံးနေပြီလဲ မသိ။တကယ်တော့ သိလဲမသိချင်နေပါဘူး။ သူသိချင်နေတာ ဘာတွေဘယ်လိုဆက်လုပ်ရမလဲဆိုတာပဲ။ ရုတ်တရက်ကြီး ဘဝကအဓိပ္ပာယ်မရှိသလို ခံစားလိုက်ရတယ်။
သက်ပြင်းမောတစ်ချက်ချပြီး ရှေ့ကစားပွဲခုံပေါ် ဖုန်းကိုပစ်တင်လိုက်တော့ စားပွဲပေါ်မှာထောင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံလေးက သူ့ကိုအထီးကျန်ကျန်ကြည့်နေရှာတယ်။စိတ်ပြေလိုပြေငြား ပြတင်းပေါက်လိုက်ကာစကို ဖယ်မိတဲ့အခါတွေ့လိုက်ရတဲ့ အပြာရောင်ကောင်းကင်ကြီးက နည်းနည်းလေးတောင် သူ့ကိုစိတ်မကြည်လင်လာစေဘူး။ အရင်ကလဲ ပတ်ခ်ဝန်ဘင်းမရှိတဲ့နေ့ရက်တွေကို ကိုယ့်ဘာသာကိုယ်ဖြတ်သန်းနေကြပဲကို။ ဆယ့်ရှစ်နှစ်လုံးဒီလိုပဲနေလာပြီး နှစ်နှစ်လေးတွဲခဲ့တဲ့ရည်းစားနဲ့ လမ်းခွဲလို့ အရာရာကို အဆိုးမြင်နေမိတာတော့ သိပ်မဟုတ်သေးဘူးမလား။
YOU ARE READING
Lost And Found (One shot)
Fanfictionမချစ်ပြတတ်သောသူကြောင့် အချစ်ခံချင်သူရဲ့ကမ္ဘာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် 0.01%မြင့်တက်သွားလေရဲ့...