Unicode" ထူးထူးရေ ထူးထူး "
" ဟီးးး မင်္ဂလာပါဆရာလေး "
လက်ပိုက်ရပ်ကာစပ်ဖြဲဖြဲနဲ့နှုတ်ဆက်လာသည့်ရာဇသွင်ထူးဆိုသည့်ကောင်လေးက ကိုးတန်းတစ်နှစ်လုံးလုံးကိုယ်စာသင်ပေးခဲ့ရသည့်အဆိုးလေးပေါ့။ စာသင်ပေးခဲ့ရသည်ဆိုပေမယ့်ကိုယ်တိုင်ကကျောင်းဆရာတော့မဟုတ်..ထန်းတောရွာလေးရဲ့ဆေးဆရာလေးထက်နိုင်ဆို ရွာနားနီးစပ်ကမသိတဲ့လူမရှိ။
ရွာသူကြီး၏ခြံဝင်းထဲရှိကျေးလက်ဆေးပေးခန်းလေးကကိုယ့်ရဲ့အလုပ်နေရာပေါ့။ နေရေးထိုင်ရေးကိစ္စအဝဝကိုသဘောကောင်းသည့်ရွာသူကြီးဦးမြသာကလိုလေသေးမရှိပြည့်စုံအောင်စီမံပေးသည်ကြောင့် ကိုယ့်ဘက်ကလည်း ရာဇသွင်ထူးဆိုသည့်ဂျစ်ကန်ကန်နဲ့အချေမင်းသားလေးကိုညဘက်အားလပ်ချိန်များတွင်စာပြပေးဖြစ်သည်။
အစကတော့ထိန်းရခက်ပေမယ့်ချော့တစ်ခါခြောက်တစ်လှည့်ဟူသည့်စကားအတိုင်း ထိုကောင်လေးအပေါ်တင်းကြပ်စရာရှိရင်တင်းကြပ်သလို အလိုလိုက်စရာရှိလျှင်လည်းဘယ်သူမှလိုက်မမီအောင်အလိုလိုက်မှန်းသိတော့ ကိုယ့်စကားဆိုမြေဝယ်မကျနားထောင်တတ်လာ၏။ မထင်ရင်မထင်သလိုကလေးဆိုးဆိုးတာလေးတော့ရှိပေမယ့်လည်းပေါ့။
" ဘုန်းဘုန်းကျောင်းကသရက်သီးတွေခိုးစားသေးတယ်ဆို နာတော့မယ်ထူးထူးကတော့ "
" အ့ အ နာတယ်ဆရာလေး နာတယ် "
ပြောရင်းဗိုက်သားနုနုလေးကိုအားထည့်ကာဆွဲလာသည့်ဆရာလေးကြောင့် အသံထွက်အောင်အော်မိသည်။ ဘုန်းဘုန်းတို့များသရက်သီးလေးတစ်လုံးနှစ်လုံးသုံးလေးငါးလုံးလောက်ခူးမိတာကိုဆရာလေးကိုပြန်တိုင်သည်တဲ့။ တွန့်တိုလိုက်တာ။
" ဘာလို့ကိုယ့်အခန်းထဲဝင်အိပ်နေရတာလဲထူးထူး "
" သားအခန်းမှာ ရန်ကုန်သားတစ်ယောက်ရောက်နေလို့ ဆရာလေးအခန်းမှာမှဝင်မအိပ်ရင် သားဘဝက ဘုရားစင်ရှေ့ထွက်အိပ်ရတော့မှာ "
မျက်နှာကိုအဆုံးထိငယ်ချကာပြောလာသည့်ကောင်လေးကြောင့်
" ထားတော့ မနက်စာက စားပြီးပြီလား "
YOU ARE READING
ပန်းပျိုးသောလက်ကလေး >🌼<
Romanceရာဇဝင်ကျမ်းနောကြေဖို့ ရာဇသွင်ထူးကို ချစ်ကြစို့... #14.11.2023.(Tue)