မနက်ခင်းဝေလီဝေလင်းအချိန်ဖြစ်သဖြင့် ပတ်ဝန်းကျင်အား သဲသဲကွဲကွဲသေချာမမြင်ရသေးပေ။သို့သော်လည်း ဤရွာ၊ ဤလမ်း၊ ဤဒေသ၏တောတောင်ရေမြေသဘာဝအခြေအနေတို့သည် သုတ၏ငယ်ပေါင်းကြီးဖော်များဖြစ်သည်မို့ သိပ်တော့အခက်အခဲမရှိလှ။
ထူထဲလှသည့် မြူနှင်းစိုင်များ မပြိုကွဲသေးသောကြောင့် ဗေဒင်ဆရာကြီးလုပ်ကာ အချိန်အားခန့်မှန်းပြရလျှင်မူ အလွန်ဆုံးရှိ မနက် 6 နာရီသာသာ သာ ရှိနိုင်ပါလိမ့်ဦးမည်။သို့သော်လည်း မနက် 6 နာရီဆိုသည်ကပင် လွန်နေရော့ပြီ၊ မနက် 6 နာရီဆိုလျှင်ပင် နေထွက်စပြုနေပြီမဟုတ်ပါလော။
သုတ တို့၏ "စမ်းရေကြည်" ရွာငယ်ကလေးသည် အိမ်ခြေနည်းပါးပြီး အတော်ကိုပင်ခေါင်ခိုက်သည့်ရွာငယ်ကလေးဖြစ်သည်။ခေါင်ခိုက်သည့်အလျောက် ခေတ်ရေစီးကြောင်းအားလည်းအမှီမလိုက်ပါချေ။
မနက်ဘက်နှင့် နေ့လည်ဘက်များတွင် အလုပ်ကိုကြိုးကြိုးစားစားလုပ်ကြသည်။ ညဘက်များတွင်မူ တစ်နေကုန်ပင်ပန်းထားရသည့်ဒဏ်များအားပြေပျောက်စေရန်အလို့ငှာ အသက်ကြီးသူအဖိုးအဖွားများနှင့် လူလတ်ပိုင်းဦးကြီးဒေါ်ကြီးများမှာ စောစောစီးစီးအိပ်ယာဝင်တတ်ကြပြီး အားအင်အနည်းငယ်ကျန်နေသေးသော လူငယ်လူရွယ်များနှင့်ကလေးသူငယ်များမှာမူ ရွာသူကြီး ဦးသာဌေးအိမ်ရှိ ဗီဒီယိုရုံဆီသွားကာ ဇာတ်လမ်းကြည့်လေ့ရှိကြသည်။
ညဘက်များဆိုလျှင် ဦးသာဌေးတို့၏ ဗီဒီယိုရုံကလွဲ၍ တခြားနေရာများတွင် မည်သည့်စကားပြောသံများမှမကြားရ။အဲ...အလုံးစုံတိတ်ဆိတ်နေသည်တော့လည်းမဟုတ်သေး၊ လေတိုက်၍ သစ်ရွက်များတရှဲရှဲမြည်သံနှင့် အင်းဆက်ငယ်များ၏ အော်သံတို့ကိုတော့ဖြင့် ကြားရပါသေးသည်။ထိုကဲ့သို့သော သဘာဝရဲ့အသက်ရှူသံများ၏ အကူကြောင့်သော်လည်းကောင်း၊ ရွာသူရွာသားများ၏ မေတ္တာများကြောင့်သော်လည်း "စမ်းရေကြည်" ရွာကလေးသည် အထီးမကျန်ပါ။
မြန်မာနိုင်ငံတွင်တည်ရှိနေသော အခြားရွာများနှင့်အတူပင် "စမ်းရေကြည်" တွင်လည်း လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည်။ စမ်းရေကြည် ရွာကလေးတည်ရှိရာ ဒေသသည် မြို့စွန်ဒေသဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးအားနည်းလှသည်။လမ်းပန်းဆက်သွယ်ရေးအားနည်းသည့်အလျှောက် ခေတ်မှီစက်ကိရိယာများမရှိ၊ ရုပ်ရှင် ဗီဒီယို နှင့် တီဗီကိုပင် ဦးသာဌေးကျေးဇူးကြောင့် မြင်ဖူးကြခြင်းဖြစ်ပေသည်။