SEVEN

751 51 2
                                    

                              【 Seven 】

နှင်းအပြည့် ဖြူဖွေးဖွေးလမ်းမကို လှမ်းကြည့်ရင်း သူ့ရင်ထဲမှာလည်း အလွမ်းတွေ သိပ်သည်းလာရသည်။ လူတွေရဲ့အပြောအရ ဒီနှစ်ဆောင်းဟာ ဘာဆိုဘာမှ ဦးနှောက်ကမတွေးနိုင်လောက်အောင် အေးစိမ့်ပါသတဲ့။ သို့သော်ငြား ဆောင်းဟွန်းကတော့ တစ်စုံတစ်ယောက်အကြောင်းကို အဆက်မပြတ် တွေးနေမိပါ၏။ အထူးသဖြင့် အခုလိုအေးစက်တဲ့ညတွေမှာ သူ့ရင်ခွင်ထဲမှာရှိခဲ့ဖူးတဲ့ အနွေးဓာတ်လေးကို လွမ်းဆွတ်နေမိတာကို မညာတမ်း ဝန်ခံရမည်။

အရာအားလုံး ပြီးဆုံးသွားသလိုမျိုး ခံစားနေရတာကို သူ သိပ်မသဘောမတွေ့လှ။ ဘာကြောင့်များ မာနကို ရှေ့တန်းတင်လိုက်မိလည်းဆိုတာ သူကိုယ်တိုင်တောင် မတွေးတတ်တော့။ အရင်ကတည်းက ဂျေးက သူ့ဘက်က မမှားတဲ့ကိစ္စဆိုရင် ပြန်ချော့လေ့မရှိတာ သူအသိဆုံး။ တကယ်ဆို အဲဒီတုန်းက ဂျေးရှင်းပြတာကို နားထောင်ပေးခဲ့သင့်တာ။ အခုတော့ သူ့ရဲ့တစ်ဖက်သတ်အတွေးတွေကြောင့် နှစ်ယောက်သား ဝေးကွာသွားရပြီ။

နဂိုတည်းကမှ ဂျေးက သူ့ကိုမယုံကြည်တာမျိုးကို မကြိုက်တာမို့လို့ ဒီတစ်ခေါက်ပြဿနာဟာ အတော်ကြီးသည်ဟုဆိုရမည်။

ဂျေး သူ့ကို စိတ်ကုန်သွားလောက်ပြီလား။
ဒီလိုတွေးလိုက်တော့ ဆောင်းဟွန်းနှလုံးသားလေးဟာ နာကျင်ရပါသည်။

သူတို့နှစ်ယောက် ပြဿနာဖြစ်တဲ့အချိန်ဟာ တိုက်ဆိုင်ဆိုင်ဆိုင်ပဲ ကုမ္ပဏီရဲ့promotionကာလဖြစ်နေတာကြောင့် ဆောင်းဟွန်းတစ်ယောက် အလုပ်ပိကာ စိတ်ဖိစီးနေခဲ့သည်။ အလုပ်ပင်ပန်းတဲ့ဒဏ်​တွေကြောင့် စိတ်အခန့်မသင့်ချိန်မှာတော့ အရာအားလုံးဟာ သူ့မျက်လုံးထဲမှာ စိတ်ရှုပ်စရာနဲ့ ဒေါသထွက်စရာတွေချည်းသာ။ ဤသို့ဖြင့် ပြဿနာကစတော့သည်။

ဂျေးတစ်ယောက် ဂျယ်ဂျူကို သူငယ်ချင်းတွေနဲ့မိတ်ဆုံစားပွဲအတွက် ခရီးထွက်သွားတယ်ဆိုတဲ့သတင်းကို ဂျယ်ယွန်းဆီကတဆင့် ပြန်ကြားရတဲ့အချိန်မှာ စိတ်ထဲ မတင်မကျဖြစ်ခဲ့သည်။ ခရီးသွားမယ့်အကြောင်း သူ့ကို နည်းနည်းလေးတောင် အသိမပေးတဲ့အပြင် သူများဆီကနေ သတင်းပြန်ကြားရတာကြောင့် နည်းနည်းတော့ အောင့်သက်သက်နိုင်သည်။ သူ့ကိုသာပြောရင် အလုပ်မအားရင်တောင် မရရအောင် အတူတူလိုက်သွားမိမှာပဲ။ သို့သော် အလုပ်ပုံကြားမှာ နစ်နေသည့်ဆောင်းဟွန်းကို တစ်ယောက်တည်းထားခဲ့ကာ မသိအောင်သွားသည်ဆိုသောကိစ္စက ဆူးတစ်ချောင်းလို ထိုးစိုက်နေခဲ့ပြီး သူ့ကို အတွေးပေါင်းစုံ လျှောက်တွေးမိစေသည်။ သို့သော် သူ အများကြီး မတွေးလိုက်နိုင်။ လုပ်စရာရှိသည့် အလုပ်အပုံလိုက်က သူ့ကို အေးအေးဆေးဆေး စဥ်းစားချိန်မပေးချေ။

SEVEN [ Sungjeng ]Where stories live. Discover now