UNICODE VERSION
Strawberries cherries and
an angel's kiss in spring......"ဟိုးရှေးရှေးတုန်းက ခရေပန်းတွေ လိုက်ကောက်တတ်တဲ့ ချယ်ရီသီးလေးတစ်လုံးရှိတယ်"
"ချယ်ရီသီးက ပန်းဘယ်လိုလိုက်ကောက်မှာလဲ။ သူ့အပင်ပေါ်မှာ ရှိရမှာလေ"
"အင်းလေ"
"နားထောင်မှာလား။ နားမထောင်ဘူးလား"
"ဟင့်အင်း ဆက်ပြော"
ခါးထောက်ကာ အကျပ်ကိုင်လိုက်တော့ မေးခွန်းမေးလာသည့် ကလေးက အသံတိတ်သွားသည်။ ပါးစပ်ကိုပါ လက်နှစ်ဖက်နဲ့ ပိတ်ထားသည့်ဟန်လုပ်ပြရင်း ဘာမှဝင်မပြောတော့ဘူးဆိုသည့်သဘော အချက်ပြသည်။
"တစ်နေ့ကျ အဲ့ချယ်ရီသီးလေးက ကွဲသွားတယ်"
"ဟင်"
"တက်နင်းခံလိုက်ရလို့"
"ဟာ"
မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ သူ့ကို ဝိုင်းကြည့်နေကြသည့် ကလေးပေါက်စလေးများကို ဒါတော့ ငါလည်း မတတ်နိုင်ဘူးလေဆိုသည့်သဘော မျက်ခုံးပင့်ပြလိုက်သည်။
"ဘယ်သူတက်နင်းလိုက်တာလဲ"
"ဟုတ်တယ် ဘယ်သူလဲ"
"ဘယ်သူလဲဆိုတော့..."
သိချင်စိတ်ကြောင့် အရောင်တွေပါ တလက်လက်ထနေသည့် ကလေးပေါက်စလေးတွေရဲ့ မျက်လုံးတွေ။ စိတ်ဝင်စားမှုကို ပိုဆွပေးချင်တာမို့ တမင် သံရှည်ဆွဲကာ ပြောလိုက်ပြီး ကလေးတစ်အုပ်ကိုလည်း တစ်ယောက်ချင်းစီ အသေအချာလိုက်ကြည့်ပေးလိုက်သည်။
ကလေးတွေအကုန်လုံး သူ့ပါးစပ်ကနေ ဘာပြောလာမလဲဆိုတာကို စူးစူးစိုက်စိုက် လိုက်ကြည့်နေချိန်မှာပဲ ကျောင်းဆင်းခေါင်းလောင်းက အချိန်ကိုက်ဆိုသလို ထမြည်လာတော့သည်။
"ဟေး ကျောင်းဆင်းပြီ!"
ထအော်လိုက်သူကို ကလေးများက မျက်လုံးပြူးလျက် မော့ကြည့်နေကြဆဲ။