"မြတ်ကြည် စျေးကပြန်ရောက်လာပြီလားဟေ့"
"ဟုတ် ရောက်ပြီ မေကြီး၊အခုပဲရောက်တာပါ"
"ညကပြောတာတွေ အစုံဝယ်လာခဲ့ရဲ့လား"
"ပါတယ် မေကြီး"
မြတ်ကြည်ရဲ့ဖြေသံကြောင့် ပစ္စည်းတွေစုံမစုံစစ်ဆေးဖို့ မီးဖိုခန်းဘက်ကို ဒေါ်ခင်အေးဟန်ထွက်လာလိုက်သည်။၁၀မျိုးမှာရင် ၈မျိုးလောက်ပဲပါလာတတ်သည့် မြတ်ကြည်ကို သိပ်ပြီးစိတ်ချရတာမဟုတ်၊
ငယ်မွေးခြံပေါက်လိုဖြစ်နေသည့် မြတ်ကြည်ကို ကျန်တာအားလုံးစိတ်ချရပေမဲ့ စျေးဝယ်ခိုင်းတိုင်း မေ့တတ်သည့်အကျင့်ကိုတော့ တစ်သက်လုံးပြင်ပေးလို့မရပေ။သူ မီးဖိုခန်းထဲရောက်ချိန်မှာတော့ စျေးကပြန်လာရင် ပစ္စည်းတွေတင်သည့် စားပွဲကြီးပေါ်မှာ အမယ်မျိုးစုံက ပြည့်လို့နေသည်။ကလေးမလေးနှစ်ယောက်ကလည်း မြတ်ကြည်ခိုင်းသမျှကို ခေါင်းတညိတ်ညိတ်နဲ့ ထုထောင်းနေလျက်ရှိ၏။
"မြတ်ကြည် အပေါ်ကအခန်းကို သေချာလုပ်ထားရဲ့လား၊လူမနေတာကြာတော့ ဖုန်နံ့တွေစွဲနေဦးမယ်၊ငါ့မြေးက အသန့်ကကြိုက်ပါဘိနဲ့"
"လုပ်ထားပါတယ် မေကြီး၊ မမကြီး(ဒေါ်လဲ့ရည်)ကိုယ်တိုင် စိတ်တိုင်းကျမှ အိပ်ယာခင်းတွေလည်း လဲသွားတာပါ"
"အေးအေး ဟုတ်ပြီ၊ ငါးသလောက်ကို အရိုးတွေနူးအိနေအောင် သေချာပေါင်းနော်၊မပေါင်းခင် အရသာစိမ့်ဝင်နေအောင် သေချာနှပ်ထား ကြားလား
နိုင်းလ်အကြိုက်ကို ညည်းသိပါတယ်""စိတ်ချပါ မေကြီးရဲ့၊အစ်ကိုလေးအကြိုက် သေချာချက်မှာပါ"
"အင်း...ဟဲ့ သံပုရာသီးတွေက များလှချည်လား၊ဘာလုပ်မို့လဲ ဒီလောက်အများကြီး
ညည်း သံပုရာရည်အလှူလုပ်မလို့လားအေ့""ဟီး မဟုတ်ပါဘူး မေကြီးရဲ့၊ဆိုင်က စျေးလျှော့ပေးလိုက်လို့ ယူလာတာပါ
ပြီးတော့ အစ်ကိုလေးရောက်ရင် မေကြီး သံပုရာရည်ပိုသောက်ရတော့မယ်ထင်လို့ ဟီးဟီး""တယ်...ငါခေါက်လိုက်ရ၊ငါ့ကိုများ လာပြောင်နေသေးတယ်၊ ဒါနဲ့ ဘယ်မလဲ ပန်းသစ်တော်သီး"