အနီရောင်
အဲ့အမျိုးသမီးကအနီရောင်။
၁
တောက်ပပြီး အရိုင်းဆန်တဲ့အနီရောင်မဟုတ်။ နူးညံ့ပြီးရဲရင့်တဲ့အနီ နှင်းဆီတစ်ပွင့်လို သိမ်မွေ့တဲ့အနီ။ နူးညံ့လှသည်တော့မဟုတ် ဂန္တ၀င်ဆန်သည့် သိမ်မွေ့ခြင်းမျိုး။ မြင်သူတကာငေး ဖူးကော့နေအောင် လှပခြင်းမျိုးတော့မဟုတ်တန်ရာ။ ပန်းတစ်ပွင့်လို လန်းဆန်းနေတဲ့အလှမျိုး နှစ်ချို့၀ိုင်လို ဖြေးဖြေးချင်းစွဲမက်စေတဲ့ စွဲလမ်းခြင်းမျိုး ကော်ဖီတစ်ခွက်လို ခါးသက်သက်နှင့် ဆွဲဆောင်ခြင်းမျိုး ဂန္တ၀င်ဆန်ဆန် အထက်တန်းစား အလှမျိုး။ နှင်းဆီနီက အဲ့သလို မိန်းမမျိုး...
၂
စတွေ့တော့ အိမ်ရှေ့က အမြဲဖြတ်လျှောက်နေကျ အမျိုးသမီး တစ်သက်မက်တည်းကျတဲ့ အ၀တ်အစားပုံစံမျိုးက သူမရဲ့မူပိုင်တံဆိပ်လို။ မထူမပါး ဒေါက်ဖိနပ်တရံနဲ့ မက်မွန်ရောင်နှုတ်ခမ်းဆိုးဆေးက သူ့နှုတ်ခမ်းပါးအလှကို ကူခြယ်သလိုမျိုး။ ပြင်ပြင်ဆင်ဆင်ထဲမပါပေမယ့် သပ်သပ်ရပ်ရပ်နေတတ်တဲ့ ပုံစံမျိုး။ ဒါက ပထမဆုံးအမြင်အပေါ် သူမအတွက်အကဲဖြတ်ချက်။
၃
ထီးအနီရောင် တစ်ချောင်းကို နေပူထဲ အမြဲဆောင်းပြီး ပေါင်းအိတ်အသေးလေးတစ်လုံးကို အမြဲလွယ် အချိန်မှန် အိမ်ရှေ့က ဖြတ်နေကျအမျိုးသမီးကို ငေးကြည့်ရတာက ကိုယ့်ရဲ့ပုံမှန်အလုပ်။ ခေတ်စကားနဲ့ပြောရရင် ၀တ်စားဆင်ယင်ပုံက အတော်လေးပုံတုံးတယ်ပြောလို့ရတယ်။ ကိုယ်နဲ့မဆိုင်ပေမယ့် ဘယ်လို၀တ်ရင် ခန္ဓာကိုယ်ကောက်ကြောင်းကို ဘယ်လိုဖော်ပြီး လှလာနိုင်တယ်ဆိုတဲ့အကြောင်း ရှိသမျှဆံပင်အပြောင်သိမ်း စုထုံးထားတဲ့အမျိုးသမီးကို သွားပြောချင်လိုက်တာ။ ကိုယ်နဲ့မဆိုင်လို့ အသာလေး ငြိမ်နေလိုက်ရတယ်။ သို့ပေတည့် သူမပုံစံက အတော်အမြင်အေးတဲ့ အလှမျိုး။
၄
သတင်းစုံတဲ့ မီဒီယာအဒေါ်ကြီးတွေပြောတာတော့ ဆရာမတဲ့။ ဒီဘက်ကိုပြောင်းလာတာသိပ်မကြာသေးဘူးဆိုပဲ။ ဆရာမမလို့ ယဥ်ယဥ်လေးဆင်ယင်ပုံရတယ်။ ပထမဆုံးစကားပြောဖြစ်တော့ သူမဘာသာလမ်းလျှောက်လာတဲ့အမျိုးသမီးကို စက်ဘီးက ၀င်တိုက်တာလေ။ သူမ လိပ်ပြာလွင့်မတတ် လန့်သွားပုံပဲ။ အတော်လေး နှာနှပ်ယူလိုက်ရတယ်။ ကိုယ်တိုင်လည်းဘယ်ကဘယ်လို ခြံအပြင်ရောက်သွားလည်းမသိ။ တစ်ဖက်စက်ဘီးစီးလာတဲ့သူကို အဲ့အမျိုးသမီးကိုယ်စား အတော်လေး ပြောဆိုပစ်လိုက်တယ်။ ဆေးခန်းလိုက်ပို့မယ်ဆိုတော့ ခြေချင်း၀တ်လည်သွားပုံရတယ် ။ ခြေထောက်တောင်မထောက်နိုင်။ မတတ်နိုင်ဘူးလေ။ အဲ့အမျိုးသမီးကိုယ်လုံးကို ပွေ့ပြီး ဆိုက်ကားပေါ်တင်လိုက်တော့ သူမမျက်လုံးတွေကပြူးခနဲ။